ရခိုင်က စစ်ရှောင်တွေကို ကူညီရာမှာ ပြည်နယ်အစိုးရ ခွင့််ပြုချက်နဲ့သာ ထောက်ပံ့ဖို့ ညွှန်ကြား


2019.04.06
rakhine-refugees-622.jpg ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဒုံးသိမ်ကျေးရွာမှာ မှီခိုနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၂၀၁၉၊ ဇန်နဝါရီ ၁၇ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီ ထောက်ပံ့ရာမှာ ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်မရှိဘဲ ဌာနဆိုင်ရာတွေအနေနဲ့ ထောက်ပံ့တာတွေ မလုပ်ဖို့ ရေးသားထားတဲ့ အကြောင်းကြားစာကို ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက မနေ့က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီစာထဲမှာ မသမာသူတွေလက်ထဲ ထောက်ပံ့တဲ့ပစ္စည်းတွေ မရောက်စေဖို့ဆိုပြီး ပါဝင်ပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း တစ်ဆင့် ပြန်လည်ထုတ်ပြန်တာဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်သန်းမြင့် က RFA ကို ဒီနေ့ ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေကို ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနတို့က အချိန်တပြေးညီ ကူညီထောက်ပံ့ပေးနေကြောင်း နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လူမှုရေးအသင်းအဖွဲ့တွေကိုလည်း စနစ်တကျထောက်ပံ့နိုင်ရေးအတွက် စိစစ်ခွင့်ပြုပေးနေကြောင်း ပြည်နယ်အစိုးရရဲ့ ညွှန်ကြားစာမှာ ပါရှိပါတယ်။

ပြည်နယ်အစိုးရဘက်က အဲဒီညွှန်ကြားချက်ကို ဌာနဆိုင်ရာအသီးသီးကို ညွှန်ကြားတာလို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း အစိုးရ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေကြောင့် ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သား စုစုပေါင်း ၅၀ ကျော်သေဆုံးခဲ့တယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပြီး တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ စုစုပေါင်း ၂ သောင်း ၆ ထောင်ကျော်နေပြီလို့ ရခိုင်ပြည်နယ် အစိုးရရဲ့ စာရင်းတွေအရ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။