တိုက်ပွဲတွေ ရပ်တန့်ရေး မြောက်ဦးဒေသခံ ၅ဝဝ နီးပါး ဆုတောင်းပွဲကျင်းပ
2016.01.07

အစိုးရတပ်မတော်နဲ့ ရခိုင့်တပ်မတော်တပ်တွေအကြား တိုက်ပွဲတွေရပ်တန့်ရေးအတွက် ရခိုင်ပြည်နယ် မြောက်ဦး မြို့က အောင်ဇေယျဘုရားမှာ ဒေသခံ ၅ဝဝ နီးပါးက ဒီနေ့ ဆုတောင်းပွဲ ကျင်းပကြပါတယ်။
တိုက်ပွဲတွေကြောင့် နစ်နာနေရတာ ပြည်သူတွေဖြစ်တဲ့အတွက် ပြည်တွင်းစစ်တွေကို အမြန်ဆုံးရပ်တန့်စေ ချင်တယ်လို့ ဆုတောင်းပွဲမှာ ပါဝင်ခဲ့တဲ့ မြောက်ဦးမြို့ခံ ကိုတက်နေဝန်းက ပြောပါတယ်။
"မြန်မာနိုင်ငံတစ်ဝှမ်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေဖြစ်နေတာက ကျနော်တို့ ပြည်သူအတွက် တော်တော်လေး ထိခိုက်နိုင်ပါတယ်၊ ဒီနေ့ တိုင်းရင်းသားဒေသ အသီးသီးတွေမှာ ၁၉၄၈ ကတည်းက နှစ်ပေါင်း ၆ဝ ကျော် ပြည်တွင်းစစ်ဖြစ်လာတာက ကျနော်တို့ သဘာဝသယံဇာတတွေ၊ ပြည်သူ့အရင်းအမြစ်တွေ ဆုံးရုံးနစ်နာမှုတွေ အများကြီးရှိပြီးတော့ အခုအထိ ကျနော်တို့ ဆင်းရဲမွဲတေတဲ့နိုင်ငံအဖြစ် ကမ္ဘာ့အလယ်မှာ ရပ်တည်နေရတယ်၊ အဲ့ဒါကြောင့် ကျနော်တို့က ဒီပြည်တွင်းစစ်ကို ရပ်တန့်ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်ပေါင်းစုံပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီးတစ်ခုကို ဆွေးနွေးအဖြေရှာစေချင်တယ်"
ဆုတောင်းပွဲမှာ ဒေသခံတွေအပြင် ကမ္ဘာလှည့်ခရီးသွားတွေပါ ပါဝင်ခဲ့ပြီး ပြည်တွင်းစစ် ရပ်တန့်ဖို့၊ အပြစ်မဲ့ပြည်သူတွေကို ပေါ်တာမဆွဲဖို့ တောင်းဆိုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကျောက်တော်မြို့နယ်နဲ့ မြောက်ဦးမြို့နယ်ကြားမှာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ဒေသခံ ၂ဝဝ နီးပါးလောက် ထွက်ပြေးနေကြရပါတယ်။