ငါးဖမ်းသင်္ဘော စစ်ဆေးရေး ရခိုင်လွှတ်တော် တိုက်တွန်း


2016.08.05
fishing-boat-620.jpg မြစ်လယ်မှာ ကျောက်ချထားတဲ့ ငါးဖမ်းသဘောၤနှစ်စင်းကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

ရခိုင်ကမ်းရိုးတန်းဒေသမှာ ငါး၊ ပုဇွန်တွေရှားပါးလာတဲ့အတွက် ကမ်းနီးကမ်းဝေးငါးဖမ်းသင်္ဘောတွေကို စည်းကမ်းချက်တွေနဲ့အညီ စိစစ်ပေးဖို့အတွက် ရခိုင်ပြည်နယ်အစိုးရကို ပြည်နယ်လွှတ်တော်ကနေ တိုက်တွန်းသွား ဖို့ ဒီနေ့ဆုံးဖြတ်လိုက်ပါတယ်။

အဲ့ဒီလိုဆောင်ရွက်ရာမှာ ဒေသခံရေလုပ်သားတွေရဲ့ဘဝကို မထိခိုက်အောင် ဆောင်ရွက်ဖို့လိုကြောင်း ကျောက်ဖြူ မြို့နယ် မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင် က လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

"ကျနော်တို့အနေနဲ့ ဖြည့်စွတ်အကြံတစ်ခုပြုချင်တာက ဘယ်ရာသီမှာ ဘယ်ငါးကိုလုံးဝမဖမ်းရဘူး အကုန်လုံးကို ပိတ်ထားမယ်ဆိုရင်ဖြင့် ရေလုပ်သားတွေအနေနဲ့ အခက်အခဲတွေ့ပါမယ်၊ အဲ့ဒီလိုပိတ်ထားလို့ ကျနော်တို့ ရခိုင်ပြည်နယ်အနေနဲ့ မသင့်တော်ပါဘူး၊ အထက်က ကျနော်တင်ပြခဲ့သလို ပိတ်ကွက် ဘယ်လောက်ရှိတယ်၊ အဲ့ဒီပိတ်ကွက်မှာ ဘယ်ဘက်ကိုခွင့်ပြုတယ်၊ ဘယ်မြို့နယ်ထဲမှာ ဘယ်နေရာကို ခွင့်ပြုတယ်၊ အဲ့ဒီလိုခွင့်ပြုပြီး ကျန်တဲ့ဟာကို ပိတ်ထားမယ်ဆိုရင် ရေလုပ်သားတွေလည်း သူတို့တတွေ အခက်အခဲတွေ မဖြစ်ပါဘူး"

အဲ့ဒီအဆိုကို ပြီးခဲ့တဲ့ သြဂုတ်လ ၃ ရက်နေ့ကကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ စစ်တွေ မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းက တင်သွင်းခဲ့တာဖြစ်ပြီး ဒီနေ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၃ ဦးက ထောက်ခံဆွေးနွေးပြီး နောက်အတည်ပြုလိုက်တာ လည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ကမ်းဝေးငါးဖမ်းသင်္ဘောကြီးတွေဟာ ကမ်းနီးရေတိမ်မှာ တရားမဝင် ဝင်ရောက်ဖမ်းဆီးတာတွေ ရှိသလို ပြည်ပငါးဖမ်းသင်္ဘောကြီးတွေဟာလည်း နိုင်ငံတကာ ရေလမ်းကြောင်းကနေတဆင့် ကျူးကျော်ဝင်ရောက် ပြီး ရခိုင်ကမ်းရိုးတန်းမှာ တရားမဝင်ငါးဖမ်းဆီးမှုတွေရှိနေတာကို သက်ဆိုင်ရာဌာနတွေက တားဆီးနိုင်ခြင်းမရှိဘူး လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြခဲ့ကြပါတယ်။

အစိုးရအနေနဲ့ ငါးသယံဇာတတွေ ထိန်းသိမ်းရေးအတွက် ဘတ်ဂျတ်မှာထည့်သွင်းရေးဆွဲတာ မရှိတာကြောင့် လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ထောက်ပြခဲ့ကြပါတယ်။

နော်ဝေနိုင်ငံအခြေစိုက် ရေသယံဇာတ သုတေသနအဖွဲ့တစ်ခုက အခုနှစ်ဆန်းပိုင်းကပြုလုပ်ခဲ့တဲ့ အစီရင်ခံစာ တစ်ခုအရ ရခိုင်ကမ်းရိုးတန်းဒေသမှာရှိတဲ့ ငါး၊ ပုစွန်မျိုးစိတ်အချို့ဟာ မကြာမီနှစ်တွေအတွင်း မျိုးတုန်းပျောက်ကွယ် မယ့် အခြေအနေရှိနေတယ်လို့လည်း သိရပါတယ်။

RFA သတင်းထောက် မသီရိမင်းဇင်က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။