အင်တာနက်အသုံးပြုခွင့်ပေးဖို့ တိုက်တွန်း ကြောင်းအဆို လွှတ်တော် အတည်ပြု
2019.06.26
လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ် ရှစ်ခုမှာ ယာယီဖြတ်တောက်ထားတဲ့ မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုခွင့်ပြန်ပေးဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြို့နယ်တွေမှာ အင်တာနက်လိုင်းတွေ ယာယီဖြတ်တောက်လိုက်တာဟာ ကောင်းကျိုးထက် ဆိုးကျိုးသာ များနိုင်တယ်ဆိုပြီး မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင် က ရခိုင်ပြည်နယ်လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တာပါ။
ဒီအဆိုကို ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ် ခြောက်ဦးက ဆွေးနွေးခဲ့ပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေဟာ အစိုးရဆီကနေ ထောက်ပံ့ကြေး အပြည့်အဝမရဘဲ အင်တာ နက်ကနေတဆင့် အကူအညီရှာဖွေရတာမျိူးတွေရှိတာကြောင့် အသုံးပြုခွင့်ပြန်ပေးဖို့ ဆွေးနွေးခဲ့တာလို့ မြောက်ဦး မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် က ပြောပါတယ်။
"စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ အစိုးရထောက်ပံ့တာတစ်ခုတည်းနဲ့ ရပ်တည်နေတာမဟုတ်ပါဘူး၊ ဒါပေမဲ့ ပြည်တွင်းပြည်ပအလှူရှင်တွေက အင်တာနက် အွန်လိုင်းပေါ်တွေကပဲ လိုအပ်တဲ့လိုအပ်ချက်တွေကိုချပြရင်းနဲ့ အဲဒီလူတွေရဲ့စားဝတ်နေရေးကို ဖြေရှင်းနေတာ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားတဲ့အတွက် ဘယ်ဒုက ္ခသည်စခန်းမှာ ဘာတွေလိုအပ်နေတယ် ဘာအခက်အခဲရှိတယ်ဆိုတာလည်း မသိရဘူးဖြစ်နေတယ်၊ ဆွေးနွေး တဲ့ထဲမှာ အဲအချက်လည်းပါတယ်"
အစိုးရတပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ မြို့နယ်တွေအပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ မိုဘိုင်းဖုန်း အင်တာနက်လိုင်းတွေကို ယာယီဖြတ်တောက်ဖို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားခဲ့တာပါ။
ဒါကြောင့် ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ကစပြီး အဲဒီမြို့နယ်တွေထဲမှာ ဖုန်းလိုင်းတွေသာ သုံးလို့ရပြီး အင်တာနက် လိုင်းတွေ သုံးလို့မရတော့တာဖြစ်ပါတယ်။
ဒီအဆိုကို လွှတ်တော်က အတည်ပြုလိုက်ပေမယ့် အသုံးပြုခွင့် ပြန်ပေး၊ မပေးဆိုတာကတော့ ပြည်ထောင်စု အစိုးရကသာ လုပ်ဆောင်ခွင့်ရှိတာဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။
"လွှတ်တော်အတည်ပြုပေးလိုက်တာကို ပြည်ထောင်စုကို တင်ပေးလိုက်ရုံပဲပေါ့၊ ငါတို့က ဖွင့်ပေးပါပြောလို့လည်း မရဘူး၊ ပြည်ထောင်စုက ကိုင်တဲ့ကိစ္စတွေဆိုတော့ ပြည်ထောင်စုပဲ တင်ပေးရမှာပေါ့"
အဆိုတင်သွင်းခဲ့တဲ့ ကိုယ်စားလှယ် ဦးလှသိန်းအောင် ကတော့ ပြည်နယ်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ပြည်ထောင်စုအစိုးရက လေးစားမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် အဲအဆိုကိုတင်ဖြစ်တာပါ
"နယ်မြေဒေသအခြေအနေအရ ဒီထက်မက အကြမ်းဖက် မှုတွေဖြစ်လာမယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်လာ မှာကို စိုးရိမ်တဲ့အတွက် အဲအဆိုကိုတင်ဖြစ်တာပါ၊ ပြည်နယ် လွှတ်တော်က တောင်းဆိုတဲ့အဆိုတွေကို ပြည်ထောင်စု အစိုးရကနေ ကျနော်တို့က မျှော်လင့်ထားတာကတော့ လုပ်ပေးစေချင်တယ်၊ လေးလေးစားစားနဲ့ အကောင်ထည်ဖော်ပေးမယ်လို့ မျှော်လင့်ထားပါတယ်"
ပြည်နယ်အစိုးရက အတည်ပြုလိုက်တာနဲ့ ပတ်သက်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဘယ်လိုဆက်လက်ဆောင်ရွက်မလဲဆိုတာကို RFA က ဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေ ကို မေးမြန်းရာမှာတော့
"ကျနော်တို့ ဥပဒေအရ လိုအပ်တယ်၊ အများပြည်သူအကျိုးအတွက် ပုဒ်မ ၇၇ အရ ကျနော်တို့ဝန်ကြီးဌာနကနေ အော်ပရေတာတွေကို ညွှန်ကြားတာ လောလောဆယ်တော့ ဒီအပေါ်မှာ မှတ်ချက်ပေးလို့မရဘူး၊ သူ့ Process ကိုလည်းမသိဘူး၊ တင်တဲ့အဆိုကိုလည်း မသိဘူး အဲတော့ပြောရခက်တာပေါ့"
ဒီလိုအင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်တာကြောင့် ဒေသတွင်း သတင်းအမှောင်ချတာ၊ တပ်မတော်က လူ့အခွင့်ရေးချိုးဖောက်တာတွေ ပိုဖြစ်စေနိုင်တယ်ဆိုပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အရပ်ဖက်အဖွဲ့ အစည်းတွေက စိုးရိမ်ကြောင်းနဲ့ အင်တာနက်လိုင်းတွေ အမြန်ဆုံးပြန်ဖွင့်ပေးဖို့ တောင်းဆိုထားပါတယ်။
(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)