ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေ သတင်းထုတ်ပြန်


2017.07.01
rakhine-northern-meeting-620.jpg နိုင်ငံတော်သမ္မတအိမ်တော်မှာ ရခိုင်ပြည်နယ်အရေးကိစ္စဆိုင်ရာ အထူးအစည်းအဝေးကို ဇွန်လ ၃ဝ ရက်နေ့က ကျင်းပပြုလုပ်စဉ်
Photo: State Counsellor Office Information Committee

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို ပြည်ပကနေ ငွေကြေးနဲ့ လက်နက် အထောက်အပံ့ ရယူနေတဲ့ အကြမ်းဖက်သမားတွေက ဆောင်ရွက်တာဖြစ်တယ်လို့ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ရဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း လုံခြုံရေး အခြေအနေ ထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အပြစ်မဲ့ ပြည်သူတွေကို အကြမ်းဖက် တိုက်ခိုက်ခံရမှု၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အသတ်ခံရမှုနဲ့ နှစ်ဖက်အသိုင်းအဝိုင်းကို ခြိမ်းခြောက် မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ပါရှိပါတယ်။

အကြမ်းဖက်သမားတွေ ပြုလုပ်ထားတဲ့ ဥမင်လိုဏ်ခေါင်းတွေနဲ့ လက်နက်တွေကို တပ်မတော်က ရှာဖွေတွေ့ရှိ ခဲ့သလို ရခိုင်တိုင်းရင်းသား ငါးဖမ်းသမားတွေ တိုက်ခိုက်ခံရမှုလည်း ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဖြစ်ပွား ခဲ့တယ်လို့ ပါရှိပါတယ်။

အစွန်းရောက် အကြမ်းဖက်သမားတွေကို ဖော်ထုတ်နိုင်ဖို့နဲ့ အမြစ်ပြတ်ရှင်းလင်းနိုင်ဖို့ ရဲတပ်ဖွဲ့က အရေးယူဆောင် ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အစိုးရအနေနဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေအတွက် ဖွံ့ဖြိုးတိုးတက်မှု အကူအညီတွေဆက်လက် ထောက်ပံ့ သွားပြီး ဒေသတွင်းရေရှည်တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

မောင်တောမြို့နယ် တပ်ဦးချောင်းကျေးရွာအုပ်စု ဘရုံးနား အနောက်ရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ညက INGO ဝန်ထမ်းတစ်ဦးကို သူ့ရဲ့နေအိမ်မှာ ရဲဒင်းနဲ့ ဓားတွေ ကိုင်ဆောင်ထားတဲ့ မျက်နှာဖုံးအုပ်ထားသူ ၁ဝ ဦးလောက်က သတ်ဖြတ်ခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မောင်တောမြို့နယ်၊ ပြင်ဖြူကျေးရွာ ပြင်ဖြူ လမ်းဆုံ ဈေးတန်းမှာ မနေ့က ပြင်ဖြူကျေးရွာ ရာအိမ်မှူးနဲ့အဖွဲ့ကို ဓားရှည်ကိုယ်စီကိုင်ဆောင်ထားသူ ၁၅ ဦးလောက်က ခုတ်သတ်မှု ဖြစ်ပွားခဲ့တယ်လို့လည်း သတင်းထုတ်ပြန် ပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်ပြီး အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေ တာဖြစ်ပါတယ်။

အဲဒီ အကြမ်းဖက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ကနေ ၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ အပြစ်မဲ့ ပြည်သူ ၄၁ ဦးသေဆုံးခဲ့ပြီး ၂၃ ဦးပျောက်ဆုံးနေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။

အဲဒီအကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်ပြီး တရားခံ ၅ဝဝ ကျော်ကို ဖမ်းဆီးတရားစွဲဆိုထားကာ လူ ၁၃ဝဝ ကျော်ကို တရားခံပြေး ကြေညာထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။