ရခိုင်အမျိုးသားနေ့ အခမ်းအနားမှာ ပါတီတွေရဲ့ သဝဏ်လွှာဖတ်ခွင့် တားမြစ်


2018.05.30
5th-rakhine-nation-day-622.jpg (၅) နှစ်မြောက် ရခိုင်အမျိုးသားနေ့အခမ်းအနားကို စစ်တွေမြို့ ဘုရားကြီးသိမ်မှာ ၂၀၁၈ ခုနှစ်၊ မေလ ၃၀ ရက်နေ့က ကျင်းပစဉ်
Photo: U Than Tun

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီနေ့မနက်ကကျင်းပတဲ့ ရခိုင်အမျိုးသားနေ့အခမ်းအနားမှာ နိုင်ငံရေးပါတီတွေက ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားခွင့် မပြုကြောင်း စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးက တားမြစ်ပါတယ်။

မြို့နယ် အုပ်ချုပ်ရေးမှူး အမိန့်နဲ့ မြို့နယ် ရဲတပ်ဖွဲ့မှူးက အခမ်းအနားကျင်းပနေစဉ် လာရောက်တားမြစ်တာလို့ အခမ်းအနား ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးစိုးနိုင် က ပြောပါတယ်။

"ငြိမ်းစုစီနဲ့တင်ထားတဲ့ အခမ်းအနားအစီအစဉ်မှာ မပါဘူးဆိုပြီးတော့ နိုင်ငံရေးသဝဏ်လွှာဖတ်နေတဲ့အချိန်မှာ ရဲကလာတားပါတယ်၊ နောက်အခမ်းအနားပြီးတဲ့အခါမှာလည်း အစီအစဉ်မှာမပါဘဲနဲ့ သဝဏ်လွှာဖတ်တဲ့အစီအစဉ် ပါလာတယ်ဆိုပြီးတော့ ကျနော်တို့ကို သတိပေးတာတွေရှိပါတယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားချက်အရပြီးတော့ ရဲက ကျနော့်ဆီဖုန်းနဲ့ အကြောင်းကြားပါတယ်၊ ဒါမျိုးလုပ်တဲ့အတွက် သူ့ဆီသွားတွေ့ပြီးတော့ ရှင်းပြပေးဖို့ပေါ့နော် နို့မို့ဆိုရင် တရားစွဲရပါလိမ့်မယ်လို့ ကျနော့်ဆီအကြောင်းကြားပါတယ်"

ဒီနေ့ကျရောက်တဲ့ ရခိုင်အမျိုးသားနေ့ကို ငြိမ်းစုစီဥပဒေအရ ခွင့်ပြုချက်နဲ့ စစ်တွေမြို့ ဘုရားကြီးသိမ်မှာ ကျင်းပခဲ့ရာ ရခိုင်အမျိုးသားပါတီ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ မြို အမျိုးသားဒီမိုကရေစီပါတီ စတဲ့ ပါတီတွေက အခမ်းအနားကို သဝဏ်လွှာ ပေးပို့ခဲ့တာပါ။

အဲဒီလိုတားမြစ်မှုတွေကြောင့် သဝဏ်လွှာ ဖတ်ကြားတဲ့အစီအစဉ်ကို ရပ်နားလိုက်ရတယ်လို့ သိရပါတယ်။

နိုင်ငံရေးပါတီတွေကပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားမယ့်အစီအစဉ်ဟာ ငြိမ်းစုစီဥပဒေအရ ခွင့်ပြုထားတဲ့ အချက်တွေထဲမှာ မပါဝင်ဘူးဆိုပြီး တားမြစ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

တားမြစ်မှုတွေနဲ့ပတ်သက်ပြီး စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေကို RFA က ဆက်သွယ်မေးမြန်းရာမှာ တစ်စုံတရာ မငြင်းဆိုဘဲ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကိုသာ ဆက်လက်မေးမြန်းဖို့ ပြန်လည်ဖြေကြားပါတယ်။

ရခိုင်အမျိုးသားနေ့အခမ်းအနားတွေကို အရင်နှစ်တွေက လွတ်လပ်စွာ ကျင်းပပြုလုပ်ခွင့်ရခဲ့ပေမယ့် ဒီနှစ်မှာ ပထမဆုံးအဖြစ် ငြိမ်းစုစီဥပဒေအရ ခွင့်ပြုချက်ရယူပြီးမှ ကျင်းပခွင့်ရကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။