မြောက်ဦးမှာ လက်နက်ကြီးကြောင့် အရပ်သားသုံးဦးထက်မနည်း သေဆုံး

RFA Burmese
2023.12.24
မြောက်ဦးမှာ လက်နက်ကြီးကြောင့် အရပ်သားသုံးဦးထက်မနည်း သေဆုံး ရခိုင်ပြည်နယ် မြောက်ဦးမြို့တစ်နေရာအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့က တွေ့ရစဉ်။
RFA

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့က စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် အရပ်သား သုံးဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက်စောပိုင်းကပြီး မြောက်ဦးမြို့အထွက် ငွေတောင်ပေါက်တံတားအနီးက ရဲစခန်းနဲ့ သူတော်မ တောင်ကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ခန်းကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ မြောက်ဦးအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၅၄၀) ကလည်း လက်နက်ကြီး ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် လူနေရပ်ကွက်တွေထဲ ကျရောက်ပေါက်ကွဲပြီး သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"စစ်ကောင်စီတပ် ခမရ (၅၄၀) တပ်ရင်းက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်တယ်။ မြို့ထဲမှာလည်း လက်နက်ကြီးကျတယ်။ အခုက ကြောက်လန့်နေတာကြောင့် အပြင်လဲမထွက်ရဲဘူး။ ဆင်ချဆိပ်ရပ်ကွက်အတွင်းက အိမ်တစ်လုံးပေါ်ကို ကျတာ မိသားစုသုံးယောက် သေတယ်လို့ ကြားရတယ်။ ဒဏ်ရာရသူတွေလဲ ရှိတယ်လို့ သိရတယ်။ နောက်ထပ် ရွာဟောင်းတောဘက်မှာလည်း တစ်ယောက်သေတယ် ကြားတယ်"

မြောက်ဦးမြို့ ဆင်ချဆိပ်ရပ်ကွက်ရှိ ဦးကျော်စိန်အောင်သားရဲ့ အသက် ၂၉ နှစ်အရွယ်သားဖြစ်သူ ဦးလင်းဇော်ထွန်းဟာ ဒီဇင်ဘာ ၂၄ ရက်နေ့ မနက်ပိုင်းက လက်နက်ကြီးထိမှန်တာကြောင့် ရှင်ပါဂူဆေးရုံကို ပို့ဆောင်ခဲ့ပြီး ဆေးရုံမှာ သေဆုံးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒါအပြင့် ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းက စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် မြောက်ဦးမြို့အနီး ရွာဟောင်းတောရွာက အသက် ၃၅ အရွယ် ဦးမောင်မောင်သန်းနဲ့ အသက် ၄၃ နှစ်အရွယ် ဦးစောဝင်းတို့ ဒဏ်ရာရခဲ့ပြီး တစ်ရွာလုံး လေးမြို့ချောင်းဘက် ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောဆိုထားပါတယ်။

လက်ပြွတ်ကျေးရွာသို့ ထွက်ပြေးလာကြသည့် မြောက်ဦးမြို့နယ် ရွာဟောင်းတောမှ ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
လက်ပြွတ်ကျေးရွာသို့ ထွက်ပြေးလာကြသည့် မြောက်ဦးမြို့နယ် ရွာဟောင်းတောမှ ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

ရခိုင်ပြည်နယ်အခြေစိုက် မီဒီယာတွေမှာလည်း အရပ်သားတွေ သေဆုံးတဲ့သတင်းတွေ ရေးသားဖော်ပြထားပါတယ်။

လက်ရှိ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ရပ်ကွက်တွေထဲ စစ်ကြောင်းထိုးပြီး တွေ့တဲ့အရပ်သားတွေကို ဖမ်းဆီးနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေရပြီး အပြင်ဘက်မထွက်ရဲဘဲဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

အရပ်သားသေဆုံးတာတွေနဲ့ ဖမ်းဆီးတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ရက္ခိုင့်တပ်တော် (AA) ဘက်ကလည်း သတင်းထုတ်ပြန်တာမရှိသေးသလို RFA အနေနဲ့ ဒီသေဆုံးတာတွေနဲ့ပတ်သက်ပြီး သီးခြား အတည်မပြုနိုင်သေးပါဘူး။

၂ဝ၁၄ သန်းခေါင်စာရင်းအရ လူဦးရေလေးသောင်းနီးပါးရှိတဲ့ မြောက်ဦးမြို့မှာ ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ မြို့ပေါ်က တောင်ရပ်၊ မြို့သစ်၊ ကံလှ၊ ရွှေတောင်နဲ့ ကုန်သည်တန်း ရပ်ကွက်အပါအဝင် မြို့ပေါ်နေထိုင်သူ ဒေသခံ နှစ်သောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။