အမျိုးသားရေး ရှေ့တန်းမတင်ဖို့ ရခိုင်ဝန်ကြီးချုပ် တိုက်တွန်း
2014.09.23

ရခိုင်တိုင်းရင်းသားတွေအနေနဲ့ အမျိုးသားရေးကိစ္စ တစ်ခုတည်းကို ရှေ့တန်းမတင်ဘဲ သမာသမတ် ကျအောင် ရင်ဆိုင်ဖြေရှင်းကြဖို့ လိုအပ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက တိုက်တွန်းလိုက်ပါတယ်။
မြေပုံမြို့နယ်က မွတ်စလင်တွေကို နိုင်ငံသားကဒ်တွေ မနေ့ကထုတ်ပေးခဲ့တဲ့အပေါ် မြေပုံမြို့ခံတွေက ကန့်ကွက်ခဲ့တာနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း က အခုလိုပြောခဲ့တာဖြစ်ပါတယ်။
"ပြဿနာတစ်ခုကိုဖြေရှင်းတဲ့အခါမှာ ပထမတစ်က ရခိုင်အမျိုးသားကောင်းစားရေး၊ နံပါတ်နှစ်က နိုင်ငံတကာစံနှှုန်းကို ဘယ်လိုစောင့်ထိန်းရမယ်၊ မြန်မာပြည်က ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာရမယ်၊ ဒီသုံးချက်နဲ့ကို သမာသမတ်ကျကျစဉ်းစားတယ်၊ ဆုံးဖြတ်တယ် အခုလည်း ဒီကိစ္စကို ဒီသုံးချက်နဲ့ပဲစဉ်းစားတယ်၊ ဒါပေမဲ့ ကျနော်တို့ရဲ့ တိုင်းရင်းသားတွေက ဒီသုံးချက်မှာအမြဲတမ်း အနောက်က ၂ အချက်ကို မစဉ်းစားဘူး၊ မေ့နေတယ် သိပေမယ့်လည်း မလုပ်ချင်ကြဘူး၊ နံပါတ်တစ်ဖြစ်တဲ့ ရခိုင်အမျိုး သား ကောင်းစားရေးဆိုတာပဲ သွားတဲ့အခါမှာ သမိုင်းကြောင်းမှာ ပြန်ကြည့်လိုက်ပါ၊ ဒီလိုမျိုး အမျိုးသားရေးကို ရှေ့တန်းတင်တဲ့အတွက် ကျနော်တို့ အသက်တွေပေးဆပ်ခဲ့ရတယ်၊ ပျက်စီးမှှုတွေ အများကြီးကြုံခဲ့ရတယ်၊ အမျိုးသားရေးကတော့ အဓိကကျတယ်၊ ဦးစားပေးတယ် ဒါပေမဲ့ အမျိုးသားရေးတစ်ခုတည်းနဲ့ အလုပ်လုပ်လို့မရဘူး"
ရခိုင်ပြည်နယ်က မွတ်စလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ စိစစ်ပေးဖို့ ဒေသခံတွေ ရဲ့ တောင်းဆိုချက်ကြောင့် ဆောင်ရွက်ခဲ့တာဖြစ်ပြီး အခုလို ကန့်ကွက်မှုအပေါ် စိတ်မကောင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။
အခုလို ကန့်ကွက်မှုတွေရှိပေမယ့် အစိုးရအနေနဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ စိစစ်တာကို ရပ်ဆိုင်းသွားမှာမဟုတ်ဘဲ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
မြေပုံမြို့ တောင်ပေါ်ဒုက္ခသည်စခန်းမှာရှိတဲ့ မွတ်ဆလင် ၁၀၀၀ ကျော်ကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ပြီးခဲ့တဲ့ သြဂုတ်လက စိစစ်ခဲ့တာဖြစ်ပြီး အဲ့ဒီအထဲက မွတ်ဆလင် ၄၀ ကို ပန်းရောင်နိုင်ငံသားလက်မှတ်တွေ မနေ့က ပေးအပ်ခဲ့သလို ၁၆၉ ဦးကို အစိမ်းရောင် "ပြုနိုင်ငံသား" လက်မှတ်တွေ ပေးအပ်ခဲ့တာဖြစ်ပါတယ်။
သက်သေအထောက်အထား မခိုင်လုံဘဲ လက်မှတ်ရရှိသွားသူတွေရှိတယ်ဆိုပြီး မနေ့က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ မြေပုံမြို့ ခရီးစဉ်မှာ မြို့ခံတွေက နေအိမ်တွေ၊ ဈေးဆိုင်တွေကို ပိတ်ပြီး ကန့်ကွက်ခဲ့ ကြတာ ဖြစ်ပါတယ်။