ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်က သုတေသနအဖွဲ့ စစ်တွေရောက်ရှိ
2013.02.13
အဲဒီသုတေသနအဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဒီအဖွဲ့ကို ဦးဆောင်တဲ့ ဦးထန်ကျင်ထောင်က RFA ကို အခုလို ပြောပြပါတယ်။
"ကျနော်တို့က ကော်မရှင်အဖွဲ့ဝင်တွေမှာ မပါဘူး။ ကျနော်တို့က သုတေသန သက်သက်ပဲ၊ သုတေသန သက်သက်ပဲဆိုတော့ ဖြစ်ခဲ့တဲ့နေရာတွေ တော်တော်များများကနေ အချက်အလက်တွေစုဆောင်းမယ်၊ သီးသန့်ဘယ်အဖွဲ့နဲ့ တွေ့မယ်၊ ဘာညာတွေတော့ မရှိပါဘူး၊ ကျနော်တို့ ကွင်းဆင်းပြီးတော့မှပဲ ရရှိလာတဲ့ အချက်အလက်တွေကိုပဲ အခြေခံပြီးတော့ အလုပ်လုပ်သွားဖို့ရှိပါတယ်"
အခုရောက်ရှိလာတဲ့ ရခိုင်ပြည်နယ် ပဋိပက္ခစုံစမ်းရေးကော်မရှင်ရဲ့ သုတေသနအဖွဲ့မှာ စုစုပေါင်း ၁၅ ဦးပါရှိပြီး ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ မြို့နယ်အားလုံးကို အဖွဲ့ ၃ ဖွဲ့ခွဲကာ အချိန် ၃ ပတ်ခန့်ကြာ သွားရောက်လေ့လာမှာ ဖြစ်တယ်လို့သိရပါတယ်။
ရခိုင်ပြည်နယ်ပဋိပက္ခ စုံစမ်းရေးကော်မရှင်အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မူဆလင်ရိုဟင်ဂျာတွေအကြား ပဋိပက္ခဖြစ်ပွားခဲ့ရတဲ့ အကြောင်းရင်းတွေကို လေ့လာစုံစမ်းဖို့အတွက် နိုင်ငံတော်သမ္မတက ဖွဲ့စည်းတာဝန် ပေးအပ်ထားတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် မနက်ဖြန်မှာလည်း ရခိုင်ပြည်နယ်ပဋိပက္ခ စုံစမ်းရေးကော်မရှင် အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင် ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်အဖွဲ့ ထပ်မံရောက်ရှိလာမယ်လို့လည်း သိရပါတယ်