ရခိုင်မှာ စက်မှုဇုန်တွေ တစ်လအတွင်း အကောင်အထည်ဖော်ဖို့ အတိုင်ပင်ခံ လမ်းညွှန်
2017.10.20

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် စက်မှုဇုန်တည်ဆောက်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းတွေကို တစ်လအတွင်း အကောင်အထည်ဖော်ဖို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံက လမ်းညွှန်ထားတယ်လို့ ဇေကမ္ဘာကုမ္ပဏီ အကြီးအကဲ ဦးခင်ရွှေ ကပြောပါတယ်။
ဒီကနေ့ နေပြည်တော်က NRPC မှာ ရခိုင်ဒေသအတွက် အလှူငွေပေးအပ်အပြီး လုပ်ငန်းရှင်တွေနဲ့ တနာရီ နီးပါးတွေ့ဆုံရာမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က အဲဒီလို ညွှန်ကြားခဲ့တာ ဖြစ်တယ်လို့ ဦးခင်ရွှေပြောပါတယ်။
"ရခိုင်ပြည်နယ်က အရမ်းလှတဲ့အတွက်ကြောင့် အဲဒီစီးပွါးရေးဇုန်ကြီးတရပ်အနေနဲ့ ဖော်ပြီးတော့မှ ဒီကလူတွေ သွားလုပ်နိုင်အောင် ဒါစီမံဆောင်ရွက်ပေးပါဆိုတာမျိုး စီးပွါးရေးသမားတွေနဲ့တိုင်ပင်တယ်၊ စီးပွားရေးဇုန်ဖော်ရမယ် ပြီးတော့မှ အဲဒီမှာ စိုက်ပျိုးရေးဇုန် ဖော်ရမယ်၊ ပြီးတော့မှ ဒီကသွားနေနိုင်တဲ့ ပုဂ္ဂိုလ်တွေအတွက်ကို စီးပွားရေးဇုန်လုပ်ငန်းတွေ၊ အိမ်တွေတည်ဆောက်ပေးဖို့ နောက်အခု ဆို မေယုတောင်တန်းကြီးကို လမ်းကြီးတွေဖော်နေပြီ၊ အဲဒီကတဆက်တဆက်တည်း သွားရေး လာရေးအတွက်လုပ်ပေးဖို့ ဒါကိုသူက လမ်းညွှန်သွားတယ်"
အဲဒီ လမ်းညွှန်ချက်နဲ့ ပတ်သက်ပြီး မနက်ဖြန်မှာ ဒေါက်တာအောင်ထွန်းသက်နဲ့ စီးပွားရေးလုပ်ငန်း ရှင်တွေ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
ရခိုင်ပြည်နယ်အတွက် လူသားချင်စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး ဒေါက် တာအောင်ထွန်းသက် က ညွှန်နှိုင်းရေးမှူးချုပ်အဖြစ် ဆောင်ရွက်တာပါ။
ဒီကနေ့မှာ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင် ၃၀ လောက် စုပေါင်းပြီး ရခိုင်ပြည်နယ်အတွက် ငွေကျပ် သန်းပေါင်း ၁၆၇၀၀ ကိုလည်း လှူဒါန်းခဲ့ကြပါတယ်။