စရဖ တပ်ကြပ်သေဆုံးမှု စုံစမ်းရှာဖွေနေဆဲဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူး ပြော
2018.10.01

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က စစ်ဘက်ဆိုင်ရာလုံခြုံရေး (စရဖ) တပ်ဖွဲ့က တပ်ကြပ် ဝင်းထိုက်(ခေါ်) ဖိုးလုံး သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အမှုနဲ့ပတ်သက်ပြီး အဓိကတရားခံကို ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိသေးဘဲ စုံစမ်းရှာဖွေနေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက သတင်းထောက်တွေကို ဒီနေ့ပြောပါတယ်။
တစ်ပတ်ကြာတဲ့အထိ တရားခံတွေကို ဖော်ထုတ်နိုင်ခြင်းမရှိတဲ့အတွက် သတင်းထောက်တွေက မေးမြန်းရာမှာ ရဲမှူးကြီး ကြည်လင်းက အခုလို ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
"ကျနော်တို့ လုံခြုံရေးဘက်ပိုင်းက စိစစ်ဆောင်ရွက်သလို တစ်ဘက်ကလည်း လုပ်ကိုင်ဆောင်ရွက်တဲ့ အပိုင်းတွေ မှာ တခြားအဖွဲ့အစည်းတွေနဲ့များ ပတ်သက်နေသလား၊ တခြား လောကသားတွေနဲ့များ ဘယ်လိုပတ်သက်နေ သလဲ၊ ဒါကိုလည်း သံသယဆိုတဲ့ဟာနဲ့ အားလုံးကို လိုက်ကြည့်နေရတာပေါ့နော်။ အခုကတော့ ဖော်ထုတ်ဆဲပဲ ဖြစ်တယ်။ မကြာခင်မှာတော့ ဖော်ထုတ်နိုင်မယ်လို့ ယူဆတယ်။ ကျနော်တို့ ရဲလုပ်ငန်းပိုင်းဆိုင်ရာမှာ ဆောင်ရွက်တဲ့ အပိုင်းမှာတော့ အားရကျေနပ်စရာရှိတယ်ပေါ့နော်။ ဖမ်းဆီးအရေးယူတာ မရှိသေးပါဘူး။ စစ်ဆေးဆဲပဲရှိပါတယ်။ အားလုံးက စစ်ဆေးဆဲချည်းပါ"
စစ်ဘက်ဆိုင်ရာလုံခြုံရေး(စရဖ)တပ်ဖွဲ့က တပ်ကြပ် ဝင်းထိုက်(ခ) ဖိုးလုံးဟာ စက်တင်ဘာလ ၂၅ ရက်နေ့ညက စစ်တွေမြို့လယ် ဝင်္ကဘာကွင်းမှာရှိတဲ့ ပွဲဈေးတန်းကို မိသားစုနဲ့အတူ ရောက်ရှိနေချိန်မှာ အမည်မသိ သေနတ် သမားက ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး အခင်းဖြစ်ပွားရာ နေရာအနီးမှာရှိတဲ့ ရွာကြီးမြောက်ရပ်ကွက်က ဒေသခံ ၅ ဦးကို ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပေမယ့် ရဲမှူးကြီး ကြည်လင်းကတော့ အခြား ကိစ္စရပ်တွေနဲ့ ဆက်နွယ်ပြီး မသင်္ကာလို့ ခေါ်ယူစစ်ဆေးခြင်းသာဖြစ်တယ်လို့ ပြောပါတယ်။
အချိန် တစ်ပတ်ကြာလာတဲ့အထိ သေနတ်သမားကို ဖမ်းဆီးရမိခြင်းမရှိသေးတာဖြစ်ပြီး ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ကတော့ ပြည်သူတွေဘက်က ထဲထဲဝင်ဝင် သတင်းပေးမယ်ဆိုရင် ပြစ်မှုကျူးလွန်သူကို ပိုပြီး မြန်မြန်ဆန်ဆန် ဖမ်းဆီးနိုင်မယ်လို့ ပြောပါတယ်။
ဒါပေမဲ့ အမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်း၊ ဘယ်လူပုဂ္ဂိုလ်တွေကို သံသယရှိတယ်၊ စုံစမ်းစစ်ဆေးနေတယ်ဆိုတာမျိုးကို ရဲတပ်ဖွဲ့အနေနဲ့ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။