ရခိုင်ပြည်နယ်မှာ အရေးပေါ် အခြေအနေအမိန့် ရုပ်သိမ်း


2016.03.29
sittwe-downtown-622.JPG ရခိုင်ပြည်နယ် စစ်တွေမြို့လယ်က လမ်းမကြီးတစ်နေရာကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကြောင့် ထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေကို နိုင်ငံတော်သမ္မတရုံးက မနေ့ညက ရုပ်သိမ်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ အရေးပေါ်အခြေအနေကို ရုပ်သိမ်းလိုက်ပေမယ့် လူ့အဖွဲ့အစည်း နှစ်ခုကြားမှာ ပဋိပက္ခတွေ ထပ်မံမဖြစ်ပွားအောင် လုံခြုံရေး အစီအမံတွေ ဆောင်ရွက်ထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ဦးလှသိန်းက ပြောပါတယ်။

"ဒီလိုရုပ်သိမ်းလိုက်တဲ့အတွက် ထူးထူးခြားခြား ဖြစ်ပေါ်လာလိမ့်မယ်လို့မမြင်ပါဘူး၊ ဘာကြောင့်လဲ ဆိုတော့ လူ့အဖွဲ့အစည်းနှစ်ခုနဲ့ ပတ်သက်ပြီးတော့ ထပ်ပြီး ပဋိပက္ခမဖြစ်အောင် လိုအပ်တဲ့ အစီအမံတွေ ဆောင်ရွက်ပြီးသားဖြစ်ပါတယ်၊ လုံခြုံရေးတွေကလည်း ကျနော်တို့များသောအားဖြင့် ရဲတပ်ရင်းကလုံခြုံရေးတွေကိုပဲ သုံးထားတာဖြစ်တဲ့အတွက် ဒီလုံခြုံရေးတွေက ဆက်လက်ပြီးတော့ တာဝန်ထမ်းဆောင် နေမှာဖြစ်တဲ့အတွက် အရေးပေါ်အခြေအနေကို ရုပ်သိမ်းမယ်လို့ ကြေညာလိုက် တာနဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ တပ်လှန့်ထားတာတွေက လျော့ကျသွားမယ်လို့ ကျနော့်နေနဲ့ မထင်ပါဘူး"

လက်ရှိ ရခိုင်ပြည်နယ်အတွင်းက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမယ့် အခြေအနေမရှိတော့တာကြောင့် အရေးပေါ်အခြေ အနေ ကြေညာချက်ကို ရုပ်သိမ်းလိုက်တာဖြစ်ကြောင်း သမ္မတရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ပါရှိပါတယ်။

ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လက ရခိုင်နဲ့ မွတ်စလင်တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိ ပက္ခတွေကြောင့် နိုင်ငံတော်အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်နဲ့ အရေးပေါ် အခြေအနေ ကြေညာခဲ့တာဖြစ်ပါတယ်။

အဲဒီပဋိပက္ခကြောင့် လူဦးရေ တစ်သိန်းနှစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြပြီး အိမ်ထောင်စုပေါင်း ၇ ထောင်လောက်ကို ပြန်လည်နေရာချထားနိုင်ခဲ့တယ်လို့ ဦးလှသိန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ဦးလှသိန်းကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။