ရခိုင်မြို့နယ် ၂ မြို့နယ်က ကျေးရွာတွေ မီးလင်းတော့မည်


2018.05.04
khinmaungwin-622.jpg ကျေးလက်မီးလင်းရေးနဲ့ စံပြကျေးရွာတည်ထောင်ရေးဌာန၊ ညွန်ကြားရေးမှူး ဦးခင်မောင်ဝင်း ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက ကျေးရွာတွေမှာ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီးကို ဒီ၂၀၁၈ ခုနှစ်အတွင်း အပြီး တပ်ဆင်ပေးမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန တာဝန်ရှိသူ တဦးက ပြောပါတယ်။

ကမ္ဘာ့ဘဏ်နဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်တဲ့ အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး စီမံကိန်းရဲ့ အစိတ်အပိုင်းအဖြစ်လုပ်ဆောင်တာဖြစ်ကြောင်း ကျေးလက်မီးလင်းရေးနဲ့ စံပြကျေးရွာတည်ထောင်ရေးဌာန၊ ညွန်ကြားရေးမှူး ဦးခင်မောင်ဝင်း က ပြောပါတယ်။

"အခုလုပ်မယ့်ဟာ မြို့နယ် ၂ မြို့နယ်ပေါ့၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်ဖြစ်ပါတယ်၊ လက်ရှိ ကျေးရွာ ၇၂ ရွာရှိတယ် ၊ အဲဒီမြို့နယ် ၂ မြို့နယ်မှာ၊ အဲဒီအထဲမှာ ကျနော်တို့ အိမ်ခြေ ၂၄၇၂ အိမ်ပေါ့၊ ၆ဝ ဝပ်နဲ့လုပ်ပေးမယ်၊ မူလတန်း ၄၁ ကျောင်းလုပ်မယ်၊ အလယ်တန်း ၁၃ ကျောင်းပါတယ်၊ အထက်တန်း ၂ ကျောင်းပါတယ်၊ ကျန်းမာရေးအဆောက်အဦးတွေက ကျေးလတ်ကျန်းမာရေးဌာနတွေ ၁၈ ခုပါတယ်၊ လမ်းမီးတိုင်ပေါင်း ၃၅၅ ခုပါတယ်၊ ဘာသာရေး အဆောက်အဦး ၅၆ ခုရှိတယ်၊ ပစ္စည်းက မေလ ၁၅ ရက်နေ့ကိုရောက်ပါမယ်၊ ရောက်ပြီးတာနဲ့ ကျနော်တို့ ဇွန်လကုန်မှာ ပြီးအောင်တပ်ပါမယ်"

အဲဒီမြို့နယ်တွေက ကျေးရွာတွေမှာ လျှပ်စစ်မီးရယူမယ့်သူတွေအနေနဲ့ ၆၀ ဝပ်အတွက် ငါးသောင်းကျပ် ထည့်ဝင်ပေးရမှာဖြစ်ပေမယ့် ရခိုင်ပြည်နယ်အစိုးရက စိုက်ထုတ်တပ်ဆင်ပေးမယ်လို့ပြောပါတယ်။

အမျိုးသားလျှပ်စစ်ဓာတ်အားစီမံကိန်းဟာ မဟာဓာတ်အားလိုင်းပြင်ပမှာရှိပြီး နောင် ၁၀ နှစ်၊ ၁၅ နှစ်အတွင်း လျှပ်စစ်မီးမရရှိနိုင်တဲ့ဒေသအတွက် တအိမ်သုံး ဆိုလာစနစ်၊ အသေးစားဓာတ်အားလိုင်းစနစ်တို့နဲ့ မီးပေးတဲ့စနစ်ဖြစ်ပါတယ်။

ဒါ့အပြင် စီမံကိန်းဝင် ကျေးရွာတွေက ကျောင်း၊ ဆေးရုံဆေးခန်း၊ ဘာသာရေးအဆောက်အအုံတွေ၊ လမ်းမီးတွေကို အခမဲ့ တပ်ဆင်ပေးသွားမှာလည်းဖြစ်ပါတယ်။

စီမံကိန်းကာလ ၅ နှစ်အတွင်းမှာ ကမ္ဘာ့ဘဏ်ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၂၁၅ သန်းနဲ့ တအိမ်သုံးဆိုလာ စနစ်နဲ့ ကျေးရွာပေါင်း ငါးထောင်ကျော်၊ အသေးစားဓာတ်အားစနစ်နဲ့ ကျေးရွာ သုံးရာ့ခြောက်ဆယ်ကို မီးပေးမယ့် အစီအစဉ်လည်းဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။