ရခိုင်ပြည်နယ် မောင်တောနယ်စပ် န.စ.က အဖွဲ့ပိုင် ကားတစ်စီး မီးရှို့ခံရ
2013.01.25

အကြမ်းဖက်သမားတွေဟာ မြန်မာနိုင်ငံ နယ်နိမိတ်ဘက်ကို ကျူးကျော်ဝင်ရောက် အကြမ်းဖက်ခဲ့တာဖြစ်ပြီး ဆောက်လုပ်ရေး တပ်သားတွေက ထွက်ပြေးလွတ်မြောက်သွားတဲ့အတွက် ထိခိုက်ဒဏ်ရာရတာမျိုးမရှိခဲ့ဘူးလို့ မောင်တောအခြေစိုက် နယ်စပ်ဒေသ လူဝင်မူစစ်ဆေးကွပ်ကဲရေးဌာနချုပ် ဒုတိယကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးထူးလှိုင်က RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ဆီက ခြံဆီးရိုးကာနေတဲ့ အဖွဲ့တွေရှိတယ်၊ အဲဒီ့မှာသွားတွေ့တာ၊ သူတို့က ၁၅ ယောက်လောက်တော့ရှိတယ်၊ ဒီဘက် GE က ကားဆရာတစ်ယောက်နဲ့ ပါလာတဲ့သုံးယောက်ထဲဆိုတော့ ကားထားခဲ့ပြီး နီးစပ်ရာစခန်းကို လာပြီးသတင်းပို့တာပေါ့၊"
လုံခြုံရေးတပ်ဖွဲ့တွေ အခင်းဖြစ်နေရာကို ရောက်သွားချိန်မှာ အကြမ်းဖက်သမားတွေကို မတွေ့ရတော့ဘဲ ကားရှေ့အင်ဂျင်နဲ့ ကားဘီး ၂ လုံးအပြင် ခြံစည်းရိုး ဂဟေဆော်တဲ့ အင်ဂျင်စက်တစ်လုံး မီးလောင်ကျွမ်းနေတာကိုပဲ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
မနေ့က အဲဒီလို ဝင်ရောက်အကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့အတွက် နယ်စပ်ခြံစည်းရိုးတစ်လျှောက်မှာ လုံခြုံရေးတွေကို ထပ်မံတင်းကြပ်လိုက်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့ကလည်း အဲဒီ ဗန္ဓုလ နစက နယ်မြေ ၁၊ မိုင်တိုင်အမှတ် ၅၁ မှာ ခြံစည်းရိုးလုပ်နေတဲ့ အစိုးရ GE ဆောက်လုပ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကို မူဆလင် လက်နက်ကိုင် အကြမ်းဖက်သမားတွေက ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့ပြီး အဲဒီ့ဝန်ထမ်း ၃ ဦးကို ဒီကနေ့ အချိန်အထိ ပြန်လည်ကယ်တင်နိုင်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။