တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းထုတ်ပြန်
2017.10.24

ရခိုင်ပြည်နယ်အရေးကို လူ့အခွင့်အရေး၊ လူသားချင်း စာနာထောက်ထားမှုအကြောင်းပြပြီး နောက်ကွယ်ကနေ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာမှုတွေဟာ နိုင်ငံတော်လုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ထိခိုက်လာတဲ့အတွက် အထူးသတိထားစောင့်ကြည့် ကာကွယ်သွားမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီနေ့ သတင်း ထုတ်ပြန်လိုက်ပါတယ်။
သြဂုတ်လ ၂၅ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်း တချို့၊ ပြည်ပနိုင်ငံတချို့နဲ့ ပြည်ပသတင်းဌာနတချို့ဟာ မှန်ကန်မှုမရှိတဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံထားတဲ့ သတင်းထုတ်ပြန်မှုတွေနဲ့ မြန်မာနိုင်ငံအပေါ် ပြစ်တင်စွပ်စွဲပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ARSA အဖွဲ့ရဲ့ အစွန်းရောက်အကြမ်းဖက်သမား ၄ထောင်ခန့်ဟာ ကြိုတင်ပြင်ဆင်ပြီး ရဲကင်းစခန်း ၃၀ နဲ့ တပ်ဌာနချုပ် ၁ခုကို တပြိုင်တည်း အင်အားသုံးအကြမ်းဖက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီဖြစ်စဉ်နောက်ကွယ်မှာ ရှုပ်ထွေးတဲ့အခြေအနေတွေ၊ သမိုင်းနောက်ခံအကြောင်းအရာ အချက်အလက်တွေ ရှိတယ်ဆိုတာကို လေ့လာဖို့ လိုအပ်တယ်လို့လည်း ဖော်ပြထားပါတယ်။
အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတဲ့ နယ်မြေတွေမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်သားတွေဟာ ဥပဒေကိုကျော်လွန်ခြင်းမရှိဘဲ ဥပဒေဘောင်အတွင်းကသာ လိုက်နာဆောင်ရွက်ခဲ့ကြတယ်လို့ ပါရှိပါတယ်။
အဲဒီလိုပေးအပ်တဲ့ တာဝန်တွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်း ရှိ မရှိကိုလည်း ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း ဦးစီးတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးနေပြီး တေ့ွရှိခဲ့ရင် အရေးယူသွားမယ်လို့လည်း ဖော်ပြထားပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူ ၂ထောင်ကျော်ရဲ့ အမည်စာရင်းနဲ့ ရွာအမည်စာရင်းတွေကို ရရှိထားပြီး အဲဒီ ၂ထောင်ကျော်ဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။