ရခိုင်ပြည်နယ်မှာ စစ်တပ်က သိမ်းထားတဲ့ လယ်တွေကို စစ်ဆေးနေ

လွှတ်တော်ကဖွဲ့စည်းခဲ့တဲ့ “လယ်ယာမြေနဲ့အခြားမြေများ သိမ်းဆည်းမှု စုံစမ်းရေးကော်မရှင်အဖွဲ့” ဟာ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်းမှာ စစ်တပ်က သိမ်းဆည်းထားတဲ့ လယ်မြေတွေနဲ့ ပတ်သက်ပြီး မနေ့က ဒီဇင်ဘာလ ၉ ရက်နေ့မှာ စတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အခုလို စစ်ဆေးနေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အတွင်းက လယ်ယာမြေစုံစမ်း စစ်ဆေးရေး အဖွဲ့ခွဲမှာပါဝင်တဲ့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက RFA ကို ပြောပါတယ်။

"ဒီနေ့ဒီအချိန်ထိ ဘာအကြောင်းပြချက်မှမရှိပဲ သိမ်းတယ်ပေါ့လေ၊ သိမ်းတဲ့အခါ လယ်သမား ၁၃၂ ယောက်ကို ငွေ ၇၀၀၀ လောက်ထုတ်ပေးတယ်၊ နောက် အုန်းပင်တစ်ပင်ကို ၅၀၀၊ ၂၅၀၊ ၁၅၀ အဲလိုမျိုးနဲ့လည်းသိမ်းတယ်၊ သိမ်းတော့သိမ်းထားပြီး ရပ်ရွာအတွက်လည်း ဘာမှအကျိုးမရှိတော့လေ ဒီလိုသိမ်းပြီးတော့ ပြန်ပြီးစီးပွားရေးလုပ်နေတာကို လယ်သမားတွေက မကျေနပ်လို့ တင်ပြတာပါ၊ အဲလိုမျိုး တပ်ကသိမ်းတဲ့မြေတွေ ပြည်သူတွေကလည်းတိုင်ကြတယ်၊ အဲဒါကို မနက်ဖြန်စစ်မှာ"

အခု စစ်ဆေးနေတဲ့ လယ်ယာမြေအမှုဟာ ၅ မိုင်လောက်ရှည်လျားတဲ့ ကမ်းသာယာကမ်းခြေတစ်လျှောက်မှာ ဒေသခံတွေပိုင်ဆိုင်တဲ့ အုန်းခြံမြေဧက ၃၀၀ ကျော်ကို ၁၉၉၈ ခုနှစ်ကတည်းက စစ်တပ်က သိမ်းပိုက်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က လယ်ယာမြေပြဿနာတွေကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင်အဖွဲ့ခွဲမှာတော့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ် ၈ ဦးပါဝင်တယ်လို့ သိရပါတယ်။