တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်က နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်နေရသူတွေကို ထိရောက်တဲ့အကူအညီပေးဖို့ ခက်ခဲနေသလို နယ်မြေအများအပြားမှာ လုံခြုံရေးတင်းကျပ်ထားတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ရေးရုံး UN OCHA Myanmar က စက်တင်ဘာလ ၁ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီဒေသနှစ်ခုက ရေလမ်း၊ ကားလမ်းတွေ အပါအဝင် ဆေးဝါးပစ္စည်း ထောက်ပံ့မှုတွေ၊ စားနပ်ရိက္ခာနဲ့ တခြားသော လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းအတွက် သယ်ယူပို့ဆောင်ရေးတွေကိုလည်း ကန့်သတ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
ဒီထုတ်ပြန်ချက်ထဲမှာ လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဖော်ပြပေမယ့် စစ်ကောင်စီတပ်ဖွဲ့ လား ဒါမှမဟုတ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေလား ဆိုတာတော့ ရှင်းရှင်းလင်း ဖော်ပြထားတာမျိုး မရှိပါဘူး။
၂၀၁၉ - ၂၀၂၀ ခုနှစ် တစ်နှစ်တည်းမှာပဲ အရင်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရခိုင်နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ် အပါအဝင် မြို့နယ် ၁၀ မြို့နယ်မှာရှိတဲ့ ဒေသခံ ၇၅,၀၀၀ နီးပါးနေရပ်စွန့်ခွာခဲ့ရပြီး ရွှေ့ပြောင်းအခြေချစခန်းတွမှာ နေထိုင်နေရတာကြောင့် သူတို့ရဲ့ လူမှုဘဝရှင်သန်ရေးအတွက် လူသားချင်းစာနာမှုဆိုင်ရာ ပံ့ပိုးကူညီမှုတွေကို အခုချိန်အထိ မှီခိုနေရဆဲဖြစ်ပါတယ်။
အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်ထဲမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA ) တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး မောင်တော၊ ရသေ့တောင်နဲ့ မြောက်ဦးမြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ကအာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၂ ခုနှစ်၊ ဩဂုတ် လ ၂၂ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၉၄၉,၀၀၀ ဦး အပါအဝင် လူဦးရေ ၁ ဒဿမ ၃ သန်းနီးပါး နေရပ်စွန့်ခွာနေရတယ်လို့ UN OCHA Myanmar က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။