ရခိုင်က မြို့နယ်သုံးခုမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သုံးဦးသေ၊ ငါးဦးဒဏ်ရာရ

RFA Burmese
2024.01.13
ရခိုင်က မြို့နယ်သုံးခုမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သုံးဦးသေ၊ ငါးဦးဒဏ်ရာရ မြောက်ဦးမြို့ ထမ္မရာဇ်ရပ်ကွက်ထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ပျက်စီးခဲ့သည့် နေအိမ်တချို့အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်က တွေ့ရစဉ်။
Photo: Arakan Princess

Updated 5:28 PM Jan 14, 2024

ရခိုင်ပြည်နယ် မြောက်ဦး၊ ကျောက်တော်နဲ့ ရသေ့တောင်မြို့နယ်မှာ ဇန်နဝါရီလ ၁၂ ရက် နဲ့ ၁၃ ရက်အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ခဲ့တာကြောင့် အရပ်သား သုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီလ ၁၃ ရက် ညနေ ၆ နာရီဝန်းကျင်က မြောက်ဦးမြို့ ဘုရားပေါ်ရပ်ကွက်ထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒေသခံ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဇန်နဝါရီလ ၁၂ ရက် ည၁၀ နာရီဝန်းကျင်က ကျောက်တော်မြို့နယ် လက်ပံကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ကံသုံးဆင့်ကျေးရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၄ အရွယ် ကလေးနှစ်ဦး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်က ကျောက်တော်မြို့နယ်အတွင်း ကျေးရွာတွေကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“မနေ့က ၁၃ ရက်နေ့ကလည်း ကန်စောက်ရွာမှာ စပါးရိတ်နေတဲ့ အသက် ခြောက်ဆယ် ကျော် ဦးလေးတစ်ဦး လက်နက်ကြီးကျပြီး သေတယ်။ ဟိုတစ်နေ့ကလည်း ကံသုံးဆင့် ရွာက အသက် ၁၄ လောက်ရှိမယ် အမွှာညီအစ်မ ကလေးနှစ်ဦး သေသွားတယ်။ စစ်တပ်က ကန်စောက်မှာ အခြေစိုက်ပြီး လက်နက်ကြီးနဲ့ ပစ်နေတဲ့အပြင် တခြားနေရာကလည်း ဆက်တိုက်ပစ်နေတော့ အိမ်တွေလည်း မီးလောင်ပျက်စီးတာ များတယ်။ ဒီအတိုင်း ပျက်စီးတာလည်းရှိတာပေါ့။ အကုန်လုံး ပြေးနေရတာ"

ဒီအပြင် ရသေ့တောင်မြို့နယ် ပြိန်းတောရွာအတွင်း ဇန်နဝါရီလ ၁၂ ရက် ညမှာ လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲပြီး ဒေသခံ နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ အကြား တစ်ကျော့ပြန်တိုက်ပွဲဟာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်က နှစ်လပြည့်ခဲ့ပါပြီ။

ဒီနှစ်လအတွင်း RFA က ပြုစုထားတဲ့ စာရင်းအရ ရခိုင်ပြည်နယ်မှာ အရပ်သား ခြောက်ဆယ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၄၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။