ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော်(AA)က စစ်သုံ့ပန်းတွေကို ညှဉ်းပန်းသတ်ဖြတ်နေတာတွေအပေါ် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးပေးဖို့ အရှေ့တောင်အာရှအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights အဖွဲ့က ဇန်နဝါရီလ ၂၃ ရက်နေ့က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဒါမှမဟုတ် အရပ်သားတွေကို အာရက္ခတပ်တော်(AA)တပ်ဖွဲ့ဝင်တွေက ညှဉ်းပန်းနှိပ်စက်ပြီး ကွပ်မျက်နေတာဖြစ်နိုင်တဲ့ ဗီဒီယိုမှတ်တမ်းနှစ်ခုကို Fortify Rights ရရှိခဲ့တယ်လို့ အစီရင်ခံမှာ ဖော်ပြပါတယ်။
အဲဒီ့ဗီဒီယိုမှတ်တမ်းတွေကို Fortify Rights က စစ်ဆေးရာမှာ မှန်ကန်တယ်လို့ ယုံကြည်ပြီး အခင်းဖြစ်ပွားရာ နေရာကိုတော့ အတည်မပြုနိုင်ဘူးလို့လည်း ဆိုပါတယ်။
ဗီဒီယိုမှတ်တမ်းတွေအရ အရပ်သားတွေ ဒါမှမဟုတ် ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်းတွေကို ညှဉ်းပန်းနှိပ်စက်ပြီး တရားလက်လွတ်ကွပ်မျက်တာဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့လည်း Fortify Rights ရဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး တာဝန်ခံ ဧဂျက်ဇ်မင်းခန့်က ပြောထားပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို ဂျီနီဗာကွန်ဗင်းရှင်းရဲ့ ကာကွယ်စောင့်ရှောက်မှုပေးသင့်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်ထားသူတွေကို တရားစွဲဆိုရမယ်လို့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။
Fortify Rights ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးသလို အာရက္ခတပ်တော် (AA) ပြောခွင့်ရ ဦးခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။
ဒါပေမဲ့ ဒီရုပ်သံထဲက စစ်သုံ့ပန်းနှစ်ဦးကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် စကခ ၉ ဌာနချုပ်ကို AA က ထိုးစစ်ဆင်ချိန်မှာ တပ်ဖွဲ့ဝင်တချို့က စစ်စည်းကမ်း ချိုးဖောက်ကျူးလွန်ခဲ့တာလို့ ဦးခိုင်သုခက BBC သတင်းဌာနကို ဖြေကြားထားပါတယ်။
မြန်မာနိုင်ငံအတွင်း ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေရဲ့ သက်သေအထောက်အထားတွေကို စနစ်တကျသိမ်းထားဖို့နဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အပါအဝင် နိုင်ငံတကာအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ AA အပါအဝင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်တဲ့အဖွဲ့အစည်းအားလုံးကို Fortify Rights က တိုက်တွန်းတောင်းဆိုထားပါတယ်။