ကျူးကျော်ဆိုင်ခန်းတွေ အင်အားသုံး ဖယ်ရှား

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်အတွင်း ဗဟိုလမ်းအနီးက ကျူးကျော် အရောင်းဆိုင်ခန်း ၄၀ ကျော်ကို မီးရထား ဝန်ထမ်းတွေနဲ့ ရဲဝန်ထမ်းတွေ အပါအဝင် လူအင်အား (၄၀) လောက်က ဒီကနေ့ မနက်က အဓမ္မ လာရောက် ဖျက်ဆီး ဖယ်ရှားခဲ့ကြတယ်လို့ ကာယကံရှင် ဆိုင်ခန်းရှင်တွေက RFA ကို ပြောပါတယ်။

2012.07.24
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၄ ရက်က ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ဗဟိုလမ်းအနီးရှိ မီးရထားဌာနပိုင်မြေတွင် ကျူးကျော် ဝင်ရောက်ခြင်း မပြုရန် ကြေညာထားသည်ကို တွေ့ရစဉ်။
RFA

အဲဒီကျူးကျော် ဆိုင်ခန်းတွေဟာ မီးရထားဌာန ဝင်းအတွင်းမှာရှိပြီး နေထိုင်သူ တချို့ဆိုရင် ၁၀ နှစ်ကျော်လောက် ရှိပြီလို့ သိရပါတယ်။ ရုတ်တရက် ဝင်ရောက်ပြီး အင်အားသုံး ဖျက်ဆီးခဲ့တဲ့အတွက် ပစ္စည်းတွေ သိမ်းဆည်းချိန် မရလိုက်ဘူးလို့ ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။

"၆ နာရီကတည်းက လာပြီးဖျက်မယ်၊ ဖျက်မယ်ဆိုလို့ ကျွန်မတို့မှာ ညတစ်ညလုံးလည်း မအိပ်ရဘူး။ ငုတ်တုတ်ထိုင်စောင့်ပြီး ပြောတာလည်းမရဘူး။ ကျွန်မက ဒီနားကထိုင်စောင့်နေတာ၊ ကျွန်မတို့ ပစ္စည်းတွေရော အတင်း အဓမ္မဝင်ပြီး ရိုက်ခွဲပြီး ယူသွားတယ်။ သူတို့ဖာသာ သူတို့ ဝင်ပြီးဖျက်ဆီးတာ ခဏလေးနေပါလို့ ဒီနေ့ကျောင်းသားတွေရော ကျောင်းမတက်ရဘူး။ အကုန်ပျက်ဆီးသွားတာ။ ပေါက်တူးတွေနဲ့ ခေါင်မိုးပေါ်တက်ပြီးထုတာ။ အကုန်လုံးထုပြီးယူသွားတာ။ ခဏတောင်မစောင့်ဘူး။ ထမင်းအိုးတွေရော၊ ဟင်းအိုးတွေရော၊ တီဗီတွေရော၊ ဗီရိုတွေရော၊ နေစရာမရှိတဲ့လူတွေကို နှင်တာလေ။ အကုန်လုံး ဒုက္ခရောက်တယ်။ ကျွန်မတို့ အားလုံးပဲ"

ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ကတော့ အဲဒီ ကျူးကျော်ဆိုင်ခန်းတွေကို ဖျက်သိမ်းဖို့အတွက် ဇူလိုင်လ ၁၀ နေ့က ဆိုင်ခန်းပိုင်ရှင်တွေကို ခေါ်ယူပြီး သီတင်းတပတ်အတွင်း ပြောင်းရွှေ့ကြဖို့ ကြိုတင် အသိပေးခဲ့တယ်လို့ ပြောပါတယ်။

"အကြောင်းလည်း အကြိမ်ကြိမ် ကြားထားပြီးသား ဖြစ်ပါတယ်။ ၁၀ ရက်နေ့ကတည်းက ဒါအစည်းအဝေး လုပ်ကတည်းက ၁၇ ရက်နေ့ကို ဖျက်ဖို့ လုပ်ထားတာပေါ့နော်။ အခုက ၂၄ ရက်ဆိုတော့ တစ်ပတ်တောင် တိုးထားပေးတာပေါ့။ နောက်တစ်ခုက ဒီဥစ္စာက မီးရထားပိုင်မြေဆိုတော့ သတ်သတ်မှတ်မှတ် ခတ်ထားတာကိုး၊ ခြံဝိုင်းခတ်ထားတာကိုး။ ခြံဝိုင်းခတ်ထားတဲ့ထဲမှာ ယာယီလာပြီးတော့ ဆိုင်ဖွင့်တာတို့ ဘာတို့ပေါ့နော်၊ အဲလို ခဏယာယီနေတာတို့ ဒါပါပဲ။ အဲတာလေးတွေကို ဌာနပိုင်မြေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြန်လည်ပြီးတော့ ဖယ်ရှားတယ်"

အဲဒီ မီးရထားဌာနပိုင်နက် နယ်မြေကို ၂၀၀၈ ခုနှစ်အတွင်း ခြံစည်းရိုးခတ်ခဲ့ပြီး ဝင်းအတွင်း နေထိုင်သူတွေကို ဖယ်ရှားဖို့ ဖိအားပေးတာမျိုး မရှိခဲ့ဘူးလို့ ရန်ကုန်တိုင်း မြန်မာ့မီးရထားဌာန အရာရှိ ဦးသိန်းနိုင်က ပြောပါတယ်။ အခုလို မီးရထားဌာန ပိုင်နက်အတွင်းက ကျူးကျော်တွေကို ဖယ်ရှားရတာဟာ မီးရထားလုပ်ငန်းမှာ အဆင့်မြှင့်တင်ရေး လုပ်ငန်းတွေ ဆောင်ရွက်စရာတွေ ရှိတဲ့အတွက် ဖြစ်တယ်လို့လည်း ဦးသိန်းနိုင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။