အပြည်ပြည်ဆိုင်ရာ လူမျိုးရေးခွဲခြားသူများ ကင်းစင်ရေးနေ့ အခမ်းအနား ကျင်းပ


2016.03.21
racial-discrimination-620.jpg အပြည်ပြည်ဆိုင်ရာ လူမျိုးရေး ခွဲခြားမှုများ ကင်းစင်ရေးနေ့ အခမ်းအနားကို မတ်လ ၂၁ ရက်နေ့က ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်မှာ ကျင်းပစဉ်
Photo: Win Naing/RFA

ဘာသာရေး၊ လူမျိုးရေးကို အခြေခံပြီး ခွဲခြားဆက်ဆံသူတွေဟာ နိုင်ငံတော်ကို တည်ဆောက်နေသူတွေ မဟုတ်ဘဲ နိုင်ငံတော်ရဲ့ ရန်သူတွေဖြစ်တာကြောင့် ကိုင်တွယ်ဖြေရှင်းဖို့လိုကြောင်း ကက်သလစ် ခရစ်ယာန် ဂိုဏ်းချုပ်ကြီး Cardinal Charles Bo က ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူမျိုးရေး ခွဲခြားမှုများ ကင်းစင်ရေးနေ့ အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ ကျင်းပတဲ့ အခမ်းအနားမှာ ကာဒီနယ် ချားလ်စ်ဘိုက ပြောသွားတာဖြစ် ပါတယ်။

"ဘာသာရေးကို အခြေခံပြီးတော့၊ လူမျိုးရေးကို အခြေခံပြီးတော့ ခွဲခြားတတ်သူတွေဟာ နိုင်ငံတော်ကို တည်ဆောက်တဲ့လူတွေ မဟုတ်ဘဲနဲ့ နိုင်ငံတော်ရဲ့ ရန်သူတွေဖြစ်ပါတယ်၊ ဒီလိုမျိုး အနှောင့်ယှက် လုပ်နေတဲ့ လူတွေကို တရားမျှတစွာနဲ့ ကိုင်တွင်ဖို့ အရေးကြီးပါတယ်၊ ငြိမ်းချမ်းခြင်းကသာလျှင် ကျနော်တို့ရဲ့ နိုင်ငံတော်ကို တိုးတက်လာလိမ့်မယ်၊ ငြိမ်းချမ်းခြင်းမတိုင်ခင် တရားမျှတခြင်း၊ တရားမျှတခြင်းကနေ ငြိမ်းချမ်းခြင်း၊ ငြိမ်းချမ်းခြင်း ကနေ တိုးတက်ခြင်းကို ဦးတည်ကြရမှာဖြစ်ပါတယ်"

ဒါ့အပြင် မတူကွဲပြားခြင်းတွေကို လျစ်လျူရှုထားမယ်ဆိုရင် ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်း၊ မတူကွဲပြားခြင်းတွေကို လက်ခံတာဟာ တိုင်းပြည်အတွက် ခွန်အားဖြစ်ကြောင်းနဲ့ လူနည်းစုတိုင်းရင်းသားတွေရဲ့ ဘာသာရေး ကိုးကွယ်ခွင့်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့အတိုင်း အကာအကွယ်ပေးဖို့ လိုကြောင်းလည်း သူက ပြောပါတယ်။

ကာဒီနယ်ချားလ်စ်ဘိုကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဗာတီကန်နန်းတော်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး ကာဒီနယ်အမတ်အဖြစ် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလကစပြီး ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ လူမျိုးရေးခွဲခြားသူများ ကင်းစင်ရေးနေ့ အခမ်းအနားကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပြီး ဘာသာပေါင်းစုံက ခွဲခြားဆက်ဆံမှု ပပျောက်ရေးလှုပ်ရှားသူ ၁၀၀ လောက်တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။