မြန်မာစစ်တပ်ပိုင် ကုန်တင်သင်္ဘောတွေကို ဆိပ်ကမ်း ကပ်ခွင့်မပြုဖို့ ကာတာနိုင်ငံကို တောင်းဆို
ဗြိတိန်၊ အမေရိကန်၊ ကနေဒါနဲ့ EU တို့က မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို စစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရန်ပုံငွေထောက်ပံ့ကူညီမှုနဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူထားတာ ဖြစ်ပါတယ်။
-
RFA Burmese
2022-11-26 -
-
-
မြန်မာစစ်တပ်ပိုင် ကုမ္ပဏီသင်္ဘောတွေကို ကာတာနိုင်ငံက ဆိပ်ကမ်းတွေမှာ ဆိုက်ကပ်ခွင့်မပြုဖို့ လက်ရှိ ကမ္ဘာ့ဖလားဘောလုံးပွဲ အိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ကာတာ နိုင်ငံကို Burma Campaign UK က တောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်အုပ်စုပိုင် ဦးပိုင်လီမိတက်ရဲ့ ကြယ်ငါးပွင့်လိုင်းက ဦးသာကုန်တင်သင်္ဘောဟာ လက်ရှိမှာ ကာတာနိုင်ငံက Hamad ဆိပ်ကမ်းမှာ ဆိုက်ကပ်နေတယ်လို့ ဆိုပါတယ်။
ဗြိတိန်၊ အမေရိကန်၊ ကနေဒါနဲ့ EU တို့က မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို စစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရန်ပုံငွေထောက်ပံ့ကူညီမှုနဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူထားတာ ဖြစ်ပါတယ်။
ကာတာနိုင်ငံကလည်း ကုလသမဂ္ဂမှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အဆုံးသတ်ဖို့ တောင်းဆိုတဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပါတယ်။
OIC အစ္စလာမ်မစ် အဖွဲ့ဝင် နိုင်ငံတစ်ခုအနေနဲ့ ကာတာက မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ စွဲချက်တင်ရေးကို ထောက်ခံထားပါတယ်။
မြန်မာစစ်တပ်ပိုင်ရေယာဉ်တွေကို ကာတာဆိပ်ကမ်းကို အသုံးပြုခွင့်ပေးခြင်းအားဖြင့် ကာတာအစိုးရကိုယ်တိုင် ရှုတ်ချထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ဖို့ ရန်ပုံငွေရှာဖို့ ခွင့်ပြုလိုက်သလိုဖြစ်နေတယ်လို့ Burma Campaign UK ရဲ့ ဒါရိုက်တာ Mark Farmaner က ပြောပါတယ်။