မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ မေလ ၁၄ ရက် ဒီနေ့မနက်ပိုင်းက မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် လေပြင်းတိုက်၊ သစ်ပင်လဲကျပြီး အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ပြင်ဦးလွင်မြို့ခံတွေက RFA ကို ပြောပါတယ်။
သေဆုံးသူဟာ အသက် ၅၅ နှစ်အရွယ် ရဲတပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးဖြစ်ပြီး အနီးရှိ လက်ဖက်ရည်ဆိုင်ကနေ လက်ဖက်ရည်သောက်ပြီးအပြန် လမ်းခုလတ်မှာ သစ်ပင်လဲကျ ပိမိပြီး သေဆုံးခဲ့တာလို့ ပြင်ဦးလွင်မြို့က လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက RFA ကို အတည်ပြု ပြောဆိုပါတယ်။
“သစ်ပင်က လေတိုက်လို့ လဲကျသွားတာ။ သူက လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည် သောက်ပြီး ပြန်အလာမှာ ဖြစ်သွားတာ။ ပြင်ဦးလွင်အနီးစခန်း ရဲကင်းမှာ တာဝန် ထမ်းဆောင်တယ်လို့တော့ သိရတယ်”
ရုပ်အလောင်းကို ဆေးရုံ ပို့ပေးခဲ့ပေမယ့် မည်သူမည်ဝါဖြစ်တယ်ဆိုတာကို အတိအကျ မသိရသေးဘူးလို့ ပြင်ဦးလွင်နာရေးကူညီမှုအသင်း တာဝန်ခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူဟာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာ၊ ခြေကျိုးဒဏ်ရာတွေရခဲ့တယ်လို့ ပြင်ဦးလွင်မြို့က လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
ပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့မှာ မိုခါ အားပြင်းဆိုင်ကလုန်းမုန်တိုင်းကြောင့် မေလ ၁၃ ရက် မနေ့ကစလို့ လေပြင်းတိုက်၊ မိုးသည်းထန်စွာ ရွာသွန်းပြီး သစ်ပင်တွေ လဲကျတာ၊ ဓာတ်တိုင်နဲ့ ဆက်သွယ်ရေး တာဝါတိုင်တွေ ပြိုလဲတာတွေ ဆက်တိုက်ဖြစ်နေပါတယ်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးကို ဦးတည်နေတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မန္တလေးတိုင်းအတွင်း တစ်နာရီကို လေတိုက်နှုန်း မိုင် ၇၀ ကနေ ၉၀ အထိ ရှိနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ ၁၄ ရက် ဒီနေ့ နေ့လယ်ပိုင်းက ထုတ်ပြန်ထားပါတယ်။