နတ်တလင်းမြို့က ရွာလေးရွာကို စစ်ကောင်စီတပ် ခြိမ်းခြောက်ဖယ်ရှားခိုင်း

RFA Burmese
2023.04.12
နတ်တလင်းမြို့က ရွာလေးရွာကို စစ်ကောင်စီတပ် ခြိမ်းခြောက်ဖယ်ရှားခိုင်း နတ်တလင်းမြို့နယ် ပျဥ်းမခေါင်ကျေးရွာအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့က တွေ့ရစဥ်။
Citizen Journalist

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်က ဆင်ဆွဲရွာမ၊ ကရင်ဆင်ဆွဲ၊ ပျဉ်းမခေါင်နဲ့ ကြက်မနက် စတဲ့ ရွာပေါင်းလေးရွာကို စစ်ကောင်စီတပ်က မီးရှို့မယ်လို့ခြိမ်းခြောက်ပြီး ဖယ်ရှားခိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၁ ရက်နေ့က ကြက်မနက်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ တိုက်ပွဲဖြစ်ပြီး နောက်တစ်နေ့မှာ အကြောင်းပြချက်မရှိဘဲ ရွာတွေကို ဖယ်ရှားခိုင်းတာလို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီလ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်က ဒီရွာတွေကို နှစ်ပတ်အတွင်း ဖယ်ရှားရွှေ့ပြောင်းဖို့ ရွာလူကြီးတွေကို ခေါ်ပြီး အသိပေးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“နှစ်ပတ်အချိန်ပေးတာ။ ပထမတော့ ခုနစ်ရက်အတွင်း ရွှေ့ပြောင်းရမယ်လို့ ရွာလူကြီးတွေခေါ်ပြီး ပြောတယ်။ အဲတော့ အရပ်သူ အရပ်သားတွေက အကုန်စုပြီးတော့ ခုနစ်ရက်လေးနဲ့တော့ ဘယ်လိုမှမဖြစ်နိုင်ဘူး၊ ရက်ကလေး တိုးပေးပါပြောတော့ ၁၄ ရက်ပေါ့ နှစ်ပတ်အချိန်ပေးတယ်”

စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကတော့ အခုလိုရွာတွေကို ဖယ်ရှားခိုင်းတယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

ဒါပေမဲ့ နောက်ဆုံးဖယ်ရှားဖို့ သတ်မှတ်ထားတဲ့ ဧပြီလ ၁၆ ရက်နေ့မတိုင်ခင် ဧပြီလ ၁၂ ရက်ဒီနေ့အထိ ရွာလေးရွာက ဒေသခံတစ်ဝက်ကျော်ခန့် ရွှေ့ပြောင်းပြီးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရွာလေးရွာမှာ ခန့်မှန်းအိမ်ခြေပေါင်း ၆၀၀ ကျော်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။