ပြည်ခရိုင်ရှေ့နေများ အခွန်ကင်းလွတ်ခွင့် ညှိနှိုင်းဆွေးနွေး

ပဲခူးတိုင်း ပြည်ခရိုင်က ရှေ့နေတွေကို အခွန်ကင်းလွတ်ခွင့်ပြုမယ်လို့ အခွန်ဦးစီးဌာန တာဝန်ရှိ ပုဂ္ဂိုလ်တစ်ယောက်က နှုတ်ကတိပြု ပြောဆိုတယ်လို့ သတင်း ရရှိပါတယ်။

2012.09.15

ရှေ့နေတွေကို ဝင်ငွေခွန် ကျပ် နှစ်သောင်းနဲ့ ကုန်သွယ်ခွန် ကျပ် နှစ်သောင်း ပေးဆောင်ပြီးမှ ရှေ့နေလုပ်ခွင့်လိုင်စင် သက်တမ်းတိုးပေးမယ်ဆိုတဲ့အပေါ် အခွန်လျှော့ပေါ့ပြဌာန်းပြီး တစ်နိုင်ငံလုံး တပြေးညီ ဆောင်ရွက်ပေးဖို့ ပြည်ခရိုင်က ရှေ့နေ အယောက် ၈၀ ကျော်က သမ္မတဆီ အသနားခံစာ တစ်စောင် ပေးပို့လိုက်တဲ့အကြောင်း RFA သတင်းကနေ မနေ့ ညက တင်ပြခဲ့ပါတယ်။

ဒါ့အပြင် အဲဒီရှေ့နေတွေက သူတို့ လိုအပ်ချက်ကို စုဝေးချီတက် ဆန္ဒဖော်ထုတ်ခွင့်ရဖို့ မြို့နယ်ရဲစခန်းမှာ မနေ့ ညက ခွင့်ပြုချက် တင်ခဲ့ပါတယ်။ အဲဒီနောက် ဒီနေ့မနက်မှာတော့ အခွန်ဦးစီးဌာန တာဝန်ရှိ ပုဂ္ဂိုလ်တစ်ယောက်က ရှေ့နေတွေကို အခွန်ကင်းလွတ်ခွင့် ပြုမယ့်အကြောင်း ညှိနှိုင်းဆွေးနွေးတာလို့ ဆန္ဒဖော်ထုတ်ခွင့် တင်ပြထားတဲ့ ပြည်မြို့က အထက်တန်းရှေ့နေ ဒေါ်အိသန္တာက RFA ကိုပြောပါတယ်။

"ဥပဒေပညာနဲ့ အသက်မွေးတဲ့ အထက်တန်း ရှေ့နေတွေအပေါ်မှာ ကောက်ခံတဲ့ အခွန်နှုန်းထားတွေကို လျှော့ပေ့ါစဉ်းစားပြီးတော့ မြန်မာနိုင်ငံတဝှမ်းကို တပြေးညီ သတ်မှတ်ပေးဖို့ဆိုပြီး ပြောတယ်။ ပြောတဲ့အခါကျတော့ သူက သဘောတူတယ်။ ဒါပေမဲ့ ဒေါ်အိသန္တာနဲ့ ပတ်သက်ပြီးတော့ အခွန်ကင်းလွတ်ခွင့် ပြုပါတယ်ပေါ့။ ကျွန်မကို ပြောလိုက်တယ်။ ပြောတဲ့အခါကျတော့ ကျွန်မက ဒေါ်အိသန္တာကို လွတ်လို့မရဘူး။ အထက်တန်းရှေ့နေ အားလုံးပေါ့။ ကျွန်မတို့ အယောက် ၈၀ လက်မှတ်ထိုး ပြီး သမ္မတဆီကို တင်ထားတာ။ အထက်တန်း ရှေ့နေတွေ အကုန်လုံးကို အခွန်ကင်းလွတ်ခွင့် ပြုမှသာဖြစ်မယ် ဆိုတဲ့အခါကျတော့ သူတို့က သူတို့ရဲ့ မြို့နယ်ထဲမှာ ဆန္ဒဖော်ထုတ်တယ်ဆိုရင် သူတို့ အနေနဲ့လည်း မကောင်းဘူးပေါ့။ ဆန္ဒ ဖော်ထုတ်တာမျိုးကိုလည်း သူတို့ မလိုချင်ဘူးပေါ့။ အဲဒီအခါကျတော့ ကျွန်တော်တို့နဲ့ ညှိနှိုင်းပြီးတော့ လုံးဝ အခွန်ကင်းလွတ်ခွင့်ပေးမယ်။ နောက်ဆုံး သူတို့က Certificate လိုမျိုးပေါ့ ပေးမယ်ဆိုပြီးတော့ ပြောလိုက်တယ်"

ဒေါ်အိသန္တာပါဝင်တဲ့ ရှေ့နေတွေက ရှေ့နေတွေအပေါ် အခွန်လျှော့ပေါ့ရေး၊ ဝင်ငွေမရှိတဲ့ ရှေ့နေတွေကို အခွန်ကင်းလွတ်ခွင့်ပြုရေးနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အခွန်နှုန်းထားတွေကို တပြေးညီ သတ်မှတ်ရေး တောင်းဆိုတာပါ။

ဒီအကြောင်းကို သမ္မတဆီ စာရေးသားပြီး စာတိုက်ကနေ ပေးပို့သလို သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဖွင့်ပေးထားတဲ့ ပေးစာကဏ္ဍမှာလည်း တင်ပြလိုက်တဲ့အတွက် သမ္မတရုံးက သူတို့စာကို လက်ခံရရှိတဲ့အကြောင်း နာရီဝက်အတွင်း အီးမေးနဲ့ အကြောင်းပြန်လာတယ်လို့ ဒေါ်အိသန္တာက ပြောပါတယ်။

အခုတော့ သူတို့ တောင်းဆိုချက်တွေကို တရားဝင်ညှိနှိုင်းပြီး ဆုံးဖြတ်ချက် အတည်ရဖို့ အခွန်ဦးစီးဌာန တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ လာမယ့် တနင်္လာနေ့မှာ တွေ့ဆုံမယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။