ဖျာပုံမြို့နယ်မှာ NLD ရပ်ကျေးဥက္ကဋ္ဌဟောင်း အပါအဝင် အရပ်သားကိုးဦး ဖမ်းဆီးခံရ

RFA Burmese
2023.12.13
ဖျာပုံမြို့နယ်မှာ NLD ရပ်ကျေးဥက္ကဋ္ဌဟောင်း အပါအဝင် အရပ်သားကိုးဦး ဖမ်းဆီးခံရ ဧရာဝတီတိုင်း၊ ဖျာပုံမြို့ တစ်နေရာအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။
We Love Pyapon

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ် ချောင်းတွင်းရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရပ်ကျေးဥက္ကဋ္ဌဟောင်း ဦးသန်းလွင် အပါအဝင် အရပ်သားကိုးဦးကို စစ်ကောင်စီတပ်က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေလို့ စွပ်စွဲပြီး ဒီဇင်ဘာလ ၁၁ ရက်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၁ ရက်နေ့လယ်ပိုင်းက ဦးသန်းလွင်တို့ နေထိုင်တဲ့အိမ်ထဲကို အင်အားလေးဆယ်ခန့်ပါတဲ့ စစ်ကောင်စီ တပ်သား၊ ရဲနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေ နေရာသုံးခုခွဲ စီးနင်းခဲ့ပြီး ဦးသန်းလွင်တို့ သားအဖသုံးဦးနဲ့ ရွာခံလူငယ် နှစ်ဦးကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

အဲဒီနောက် ဖျာပုံမြို့ပေါ်က ဒေသခံသုံးဦးနဲ့ ကျိုက်လတ်မြို့နယ်က ဒေသခံတစ်ဦးကိုပါ စစ်ကောင်စီတပ်သားတွေ ဆက်လက်ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖျာပုံမြို့ခံတစ်ဦးကတော့ ဖျာပုံမြို့အနီးက ချောင်းတွင်းရွာမှာရှိတဲ့ ဦးသန်းလွင်တို့ နေအိမ်ထဲကို စစ်ကောင်စီတပ်သားတွေ စီးနင်းဝင်ရောက်ပြီး ဖမ်းဆီးသွားတာလို့ RFA ကို ပြောပါတယ်။

“ဖျာပုံနဲ့ ချောင်းတွင်း နီးနီးလေး။ အဲဒီရွာထဲကို နေ့လယ်သုံးနာရီလောက်မှာ စစ်တပ်ဘက်က လမ်းကြောင်းသုံးခုနဲ့ ဝင်လာပြီး အိမ်ထဲမှာစီးပြီး ဖမ်းသွားတာ။ ဘယ်အိမ်မှမဝင်ဘူး ကိုသန်းလွင်တို့အိမ် တည့်တည့်လာတာ။ စက်လှေလည်း သိမ်းသွားတယ်။ သူတို့ သားအဖတွေက ခြံစိုက်တယ်။ တောင်သူလုပ်ငန်း လုပ်တယ်။ ရွာထဲမှာတော့ နေကြတာ အေးအေးဆေးဆေးပါ”

ဖမ်းဆီးခံရသူတွေကို ဖျာပုံမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ (၉၈) ထဲမှာရှိတဲ့ စစ်ကြောရေးစခန်းမှာ စစ်ဆေးနေတယ်လို့ သိရကြောင်း ဒေသခံက ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဒီဇင်ဘာလ ၁၃ ရက် ဒီနေ့အထိလည်း ဖျာပုံမြို့နယ်ထဲက ဒေသခံတချို့ကို ဆက်လက်ဖမ်းဆီးနေတယ်လို့ ဖျာပုံမြို့ခံတွေကပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

၂၀၂၃ ခုနှစ်ထဲမှာပဲ ဖျာပုံမြို့နယ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် စုစုပေါင်း ၁၄ ဦးကို ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တယ်၊ လူသတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖျာပုံခရိုင်တရားရုံးက သေဒဏ်ချခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံတစ်ဝန်းမှာ အရပ်သားနှစ်သောင်းခွဲကျော် ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက အရပ်သားနှစ်သောင်းနီးပါး (၁၉,၇၄၇ ဦး) ကတော့ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။