ပွင့်ဖြူမှာ ဒေသခံ လေးဆယ်ကျော် ဖမ်းဆီးခံရ

RFA Burmese
2025.01.15
ပွင့်ဖြူမှာ ဒေသခံ လေးဆယ်ကျော် ဖမ်းဆီးခံရ မကွေးတိုင်း ပွင့်ဖြူမြို့တွင်းတစ်နေရာကို ၂၀၁၉ ခုနှစ် ဩဂုတ် ၂၆ ရက်နေ့က တွေ့ရစဉ်။
Myanmar Digital News

မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ ရွာငါးရွာကနေ ဒေသခံပြည်သူ လေးဆယ်ကျော်ကို ဇန်နဝါရီလ ၁၄ ရက်နေ့မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့အတွက် လိုက်လံဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ထန်းတောစုရွာက သုံးဦး၊ ထူးပေါက်ရွာက လေးဦး၊ ဖလံတော၊ ကျောက်ကုန်းနဲ့ လက်ပံချည်ပေါ် ရွာသုံးရွာက ဒေသခံ သုံးဆယ်ကျော် စုစုပေါင်း ဒေသခံလေးဆယ်ကျော်ကို ပွင့်ဖြူမြို့မရဲစခန်းထဲ ဖမ်းဆီးခေါ်ဆောင်သွား တယ်လို့ ဆိုပါတယ်။

လယ်ယာတွေထဲ စိုက်ပျိုးရေးလုပ်ငန်းခွင် ဝင်နေချိန် အစုလိုက် အပြုံလိုက် ဖမ်းဆီးခံရတာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မင်းဘူးခရိုင် တပ်ရင်း(၄) ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“အမျိုးသမီးတွေပါ ပေါ်တာဆွဲတဲ့အထဲ ပါသွားတယ်ဗျာ။ ပျော်ပွဲရွှင်ပွဲသွားနေတုန်း ဖမ်းခံလိုက်ရ ပေါ်တာဆွဲတာခံလိုက်ရတာ မဟုတ်ဘူး။ သူတို့လယ်ထဲယာထဲကို စိုက်ပျိုးရေးလုပ်ဖို့ သွားနေတဲ့ အချိန်ကြီးမှာ ဖမ်းခေါ်သွားတာ။ လှည်းနဲ့ သွားတဲ့သူလည်း ဖမ်းသွားတယ်။ လယ်ထွန်စက်နဲ့ သွားတဲ့သူတွေကိုလည်း ဖမ်းခေါ်သွားတယ်။ စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲတာခံလိုက်ရတယ်လို့ ဒေသခံပြည်သူတွေက ကျွန်တော်တို့ကို အတိအကျပြောတာပါ”

လုံခြုံရေးအရ အမည်ဖော်လိုတဲ့ ပွင့်ဖြူဒေသခံတစ်ဦးကတော့ ဖမ်းဆီးခံရသူတွေကို ရဲစခန်းက ငွေကြေးနဲ့ ပြန်လာရွေးဖို့ အကြောင်းကြားထာတာရှိတယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်မှုထမ်းဖို့အတွက် နိုင်ငံအနှံ့မှာ ဒေသခံပြည်သူတွေ နည်းမျိုးစုံနဲ့ ဖမ်းဆီးခံရတာတွေရှိနေသလို ငွေကြေးနဲ့ ပြန်ရွေးယူပြီး လွတ်မြောက်လာသူတွေလည်းရှိတယ်လို့ ကိုယ်တိုင်ကြုံတွေခဲ့ရသူတွေက ပြောပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒကို အသက်သွင်းပြီးနောက် ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၈) အထိ ဖွင့်လှစ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။