ပူတာအိုက စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်၊ တချို့ တိုက်ပွဲပြန်ဖြစ်မှာ စိုးရိမ်နေကြ

ကချင်ပြည်နယ် ပူတာအိုမြို့နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဆွမ်ပီယာန်နဲ့ အင်စီယာန်ရွာတွေက ဒေသခံတွေကို ၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်
ကချင်ပြည်နယ် ပူတာအိုမြို့နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဆွမ်ပီယာန်နဲ့ အင်စီယာန်ရွာတွေက ဒေသခံတွေကို ၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

ကချင်ပြည်နယ် ပူတာအိုမြို့နယ်ထဲ စစ်ကောင်စီတပ်နဲ့ KIA ကချင်လွတ်လပ်ရေးတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် နှစ်လနီးပါး တောထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဆွမ်ပီယာန်နဲ့ အင်စီယာန်ရွာတွေက ဒေသခံ သုံးရာကျော်တို့ မတ်လ ၂၂ ရက် မနေ့ကစပြီး နေရပ် ပြန်ကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)၊ ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ (WMR) နဲ့ ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေက ကြားဝင်ညှိနှိုင်းပေးခဲ့တယ်လို့ PCG အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလမိုင်ဂွမ်ဂျာက RFA ကို ပြောပါတယ်။

“ တောတောင်တွေမှာ သူတို့ စားဝတ်နေရေး၊ ကျန်းမာရေး ဒုက္ခဆင်းရဲရောက်နေတာ၊ ကျနော်တို့ PCG ရယ် မြစ်ကြီးနားမြို့ပေါ်မှာက ခရစ်ယာန်ကောင်စီအဖွဲ့တွေက ကော်မတီဖွဲ့ပြီး တပ်မတော်ဘက်ရော၊ KIA ဘက်ကိုရော သဘောတူညီချက်တွေအရ သူတို့တွေ ရွာပြန် နိုင်အောင် လုပ်ပေးနိုင်ခဲ့တယ် ”

မနေ့က နေရပ်ပြန်သူ စုစုပေါင်း ၃၂၁ ယောက်ရှိပြီး မြစ်ကြီးနားနဲ့ ပူတာအိုမြို့တွေဆီ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသူ ခုနစ်ရာကျော်လောက်ကိုလည်း နေရပ်ပြန်နိုင်အောင် စီစဉ်ပေးမှာဖြစ်သလို ရွာထဲက အိမ်တွေ ပျက်စီးသွားတာတွေကိုလည်း ကူညီပေးနိုင်ဖို့ သက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းနေတယ်လို့ ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

ဆွမ်ပီယာန်ရွာမှာ နေအိမ် ခုနစ်လုံး မီးလောင်ခဲ့ပြီး လက်ရှိ ရွာထဲမှာ စစ်ကောင်စီ တပ်သားတွေ ရှိနေဆဲဖြစ်ပေမယ့် ကိုယ့်နေအိမ်တွေ ပျက်စီးကုန်မှာ စိုးရိမ်လို့ ရွာကို ပြန်လာတာလို့ ဆွမ်ပီယာန်ရွာသားတစ်ဦးက ပြောပါတယ်။

မြစ်ကြီးနားမြို့ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ အင်စီယာန်ရွာက အမျိုးသမီး တစ်ဦးကတော့ တိုက်ပွဲတွေ ပြန်ဖြစ်မှာကို စိုးရိမ်ပြီး ကိုယ့်နေရပ်ကို လုံလုံခြုံခြုံနဲ့ ပြန်ချင်တာမို့ နေရပ်ပြန်ရေး စဉ်းစားနေတယ်လို့ ပြော ပါတယ်။

စစ်ကောင်စီ တပ်စွဲထားတဲ့ အင်စီယာန်ရွာအနီးက ရှိန်ဂတ်ဘွမ်စခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်တို့က ဖေဖော်ဝါရီ ၁ ရက်ကစပြီး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဘက် ကလည်း လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်ခဲ့တာတွေရှိခဲ့လို့ အင်စီယာန်၊ ဆွမ်ပီယာန်နဲ့ လုံရှာယာန် ရွာတွေက ဒေသခံ ခြောက်ထောင်ကျော်တို့ ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရပါတယ်။