လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်လို့ ပူတာအိုမှာ ကုန်ဈေးနှုန်းတက်

ပူတာအိုမြို့မဈေးကို တွေ့ရစဉ်
ပူတာအိုမြို့မဈေးကို တွေ့ရစဉ် (Photo: Kyaw Myo Min/RFA)

အစိုးရတပ်မတော်ရဲ့ စစ်ဆင်ရေးတွေကို ဟန့်တားဖို့ဆိုပြီး မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပေါ်က တံတားတချို့ကို ကေအိုင်အေက ဇန်နဝါရီ ၂၈ မှာ ဖျက်ဆီးခဲ့ပြီးနောက်ပိုင်း သွားလာရေးခက်ခဲလာတာကြောင့် ပူတာအိုမြို့မှာ အခုရက်ပိုင်းမှာ ကုန်ဈေးနှုန်းတွေ စတက်လာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်တွေအတွက် ပြည်သူတွေ အားထားနေရတဲ့ လမ်းတံတားတွေကို ဘယ်အဖွဲ့အစည်းကမှာ မဖျက်ဆီးသင့်ကြောင်း ပူတာအိုမြို့နယ်ရဲ့ အမှတ် ၁ မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးယောဆီက ဒီကနေ့ ပြောပါတယ်။

"လမ်းပျက်သွားတာနဲ့ ဒီမှာချက်ချင်း ဈေးကတက်နေတာ။ ဆီတွေ၊ ဆားတွေ၊ ဓါတ်ဆီတွေ၊ ဒီဇယ်တွေ အကုန်လုံးတက်နေပြီ။ ဆား ဟိုတုန်းက တစ်အိတ်ကို တစ်သောင်း၊ အခုက တစ်သောင်းငါးထောင်တောင် မရတော့ဘူး။ ဆန်တစ်ပြည် သုံးထောင်ဖြစ်သွားပြီ အခုက၊ ခါတိုင်းက တစ်ထောင့်ရှစ်ရာ။ ဒီလမ်းကိုတော့ ဘယ်သူ ဘက်ဘက်ကဖြစ်ဖြစ်ပေါ့လေ မဖျက်ဆီးဖို့ကတော့ အဓိကပဲ၊ ပြည်သူလူထုက အဲဒါတွေ တောင်းဆိုနေတာ"

ပြီးခဲ့တဲ့ရက်ပိုင်းက မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပိုင်းက တံတားနဲ့ စက်ယန္တရားတချို့ ဖျက်ဆီးခံခဲ့ရ ပြီးနောက်ပိုင်း အဲဒီမှာ အလုပ်လုပ်နေကြတဲ့ လမ်းလုပ်သားတွေဟာ လုံခြုံရေး အခြေအနေတွေအရ ဆွမ်ပရာဘွမ်နဲ့ ပူတာအိုဘက်ကို ထွက်ပြေးခိုလှုံနေကြတယ်လို့လည်း သိရပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ပူတာအိုဒေသဟာ ဒီနှစ်ပိုင်းမှ လမ်းစတင်ကောင်းလာချိန်မှာ အခုလို ဖျက်ဆီးခံရလို့ လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စည်ကူးသန်းရောင်းဝယ်ရေးအတွက် စတင်ခက်ခဲလာတဲ့ အခြေအနေဖြစ်ပါတယ်။

ဒါ့အပြင် အခုနှစ်ပိုင်း လမ်းကောင်းလာလို့ ဒေသခံတွေက အခြေခံစားကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ၊ ဆောက်လုပ်ရေးသုံးပစ္စည်းတွေကို အရင်လို ဝယ်မစုဆောင်းထားတာကြောင့် ကုန်ဈေးနှုန်းတွေ ရုတ်တရက် ထိုးတက်သွားမှာကိုလည်း စိုးရိမ်နေကြတာလို့ ဆိုပါတယ်။

ကချင်ပြည်နယ်မှာ ၁၉၆၀ ကျော်ကစလို့ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခတွေကြောင့် လမ်းတံတား၊ မီးရထားသံလမ်းနဲ့ အစိုးရအဆောက်အဦးများစွာ ဖျက်ဆီးခံရမှုနဲ့အတူ တိုင်းရင်းသား ပြည်သူတွေဟာလည်း စစ်ဘေးဒုက္ခမျိုးစုံကို ကာလရှည်ကြာ ကြုံတွေ့နေကြရတာဖြစ်ပါတယ်။