ပူတာအိုမှာ လောင်စာဆီဈေးနှုန်း ၇ ဆ မြင့်တက်
2018.03.01

ကချင်ပြည်နယ် ပူတာအိုနဲ့ ဆွမ်ပရာဘွမ်မှာ စစ်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်နေပြီး လောင်စာ ဆီ ဈေးနှုန်းတွေ ၇ ဆလောက် တက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဓါတ်ဆီကို မြစ်ကြီးနားကနေ မော်တော်ဆိုင်ကယ်တွေ နဲ့ သယ်ယူနေရပါတယ်။ လမ်းတလျောက် တံတားတွေ ပျက်နေပြီး မြေမြှုပ်မိုင်းတွေရှိတာကြောင့် မြစ်ကြီးနား၊ ပူတာအို မိုင်၂၀၀ခရီးကို ၅ရက်လောက်သွားရပါတယ်။
ဆန်ဈေးသိပ်မတက်ပေမဲ့ လောင်စာဆီဈေး တက်သွားတယ်လို့ ပူတာအိုမြို့ခံ ကျောင်းဆရာ ဦးချိန်ဆာပေါ က ပြောပါတယ်။
"ဓါတ်ဆီတစ်ခုပဲ မထင်မှတ်တဲ့ အတိုင်းအတာအထိ တက်သွားတာပေါ့နော်၊ ဓါတ်ဆီက ပုံမှန်အခြေအနေမှာ တစ်ပုလင်းကို တစ်ထောင်နဲ့ ဝယ်နေရတာ၊ အခုလက်ရှိမှာ တစ်ပုလင်းကို ၇ထောင်အထိဝယ်နေရတယ်၊ ဒါတောင် နေရာတကာမှာမရှိဘူး၊ ပစ္စည်းပြတ်နေတာပေါ့၊ ဆန်ကတော့ တစ်ထောင်ဖိုးကို နို့ဆီဘူး ၆ ဘူးရတယ်၊ အခုကျတော့ ၄ ဘူးပဲရတော့တယ်"
ဒေသတွင်း ထွက်ဆန်တွေ ရှိနေတာကြောင့် ဆန်ဈေးသိပ်မတက်တာဖြစ်သလို အာဏာပိုင်တွေက လေယာဉ်နဲ့ ရိက္ခာပို့ပေးတာလည်းရှိတယ်လို့ဆိုပါတယ်။
ဆွမ်ပရာဘွမ်မှာလည်း အလားတူ လောင်စာဆီဈေးတွေတက်နေပြီး ရောင်းချတဲံဆိုင်မရှိဖြစ်နေတယ်လို့ ဆိုပါတယ်။ ဆွမ်ပရာဘွမ်မှာ ဆန်ဈေးက တအိတ် ကို ကျပ် ၈ သောင်းဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ ဖေဖဝါရီလ ၂၇ရက်နေ့က ဆောက်လုပ်ရေး ဒုတိယဝန်ကြီးက မြစ်ကြီးနား ပူတာအိုလမ်းကို သီတင်းနှစ်ပတ်အတွင်း ပြန်ဖွင့်နိုင်အောင် ဆောင်ရွက်မယ်လို့ပြောပါတယ်။