ပုလောမှာ စစ်ကြောင်းထိုးချိန် လူသုံးဆယ်ခန့် ဖမ်းဆီးခံရပြီး နှစ်ထောင်ဝန်းကျင် ထွက်ပြေးနေရ

RFA Burmese
2024.10.15
ပုလောမှာ စစ်ကြောင်းထိုးချိန် လူသုံးဆယ်ခန့် ဖမ်းဆီးခံရပြီး နှစ်ထောင်ဝန်းကျင် ထွက်ပြေးနေရ တနင်္သာရီတိုင်း၊ ပုလောမြို့အဝင်တစ်နေရာကို တွေ့ရစဉ်။
Tachileik News Agency Photo

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်က ရွာတွေကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၄ ရက်နေ့က စစ်ကြောင်းထိုးနေချိန် ဒေသခံ သုံးဆယ်ခန့် ဖမ်းဆီးခံရပြီး နောက်ထပ် လူနှစ်ထောင်ခန့်လည်း ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ခေါင်းလောင်နဲ့ ကုလားမခေါင်းရွာတွေကို စစ်ကောင်စီတပ်က အင်အားခြောက်ဆယ်ခန့်နဲ့ ဝင်ရောက်စီးနင်းချိန် ရွာသူရွာသားတွေ ဖမ်းဆီးခံခဲ့ရတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က ၉ နာရီလောက်မှာ သေနတ်တွေ ဖောက်ပြီးတော့ ၀င်လာတယ်။ အကုန်လုံး ရွာလုံးကျွတ် ထွက်ပြေးကြရတယ်။ ထွက်မပြေးနိုင်ခဲ့ဘဲ ကျန်ခဲ့သူတွေကို ဖမ်းတယ်လို့ပြောတယ်။ ဒေသခံ သုံးဆယ်လောက် အဖမ်းခံနေရတယ်။ အခုထိကို စစ်ကြောင်းက ပြန်မထွက်သေးဘူး”

လက်ရှိမှာ ဖမ်းဆီးခံရတဲ့ ရွာသူရွာသား သုံးဆယ်ခန့်ထဲက အသက်အရွယ်ကြီးတဲ့ သူတွေကို ပြန်လွှတ်ပေးခဲ့ပေမဲ့ လူငယ်တွေကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ စစ်ကြောင်းရှိနေသေးတာကြောင့် ဆက်လက်ဖမ်းဆီးခံထားရတဲ့ လူငယ်အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က တစ်ရက်တည်းမှာပဲ နောက်ထပ် စစ်ကြောင်းတစ်ကြောင်းက ပုလောမြို့နယ် ကြဲရွာဘက်ကို စစ်ကြောင်းထိုးနေပြီး စစ်ကြောင်းတွေကြောင့် လူနှစ်ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရတာလို့ နောက်ထပ်ဒေသခံ တစ်ဦးက ပြောပါတယ်။

“လက်နက်ကြီးတွေနဲ့ ပစ်ပြီးတော့ ရွာထဲ၀င်လာတယ်။ ခန္တီကျေးရွာအုပ်စုဘက်ကိုတော့ အင်အားခြောက်လောက်ရှိတယ်။ မီးလောင်ချောင်းကနေ ကြဲကျေးရွာဘက်ကိုလည်း စစ်ကြောင်းထိုးနေတယ်။ အင်အားက နှစ်ရာကျော်လောက်ရှိတယ်။ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်။ နယ်မြေရှင်းလင်းရင်း သန်းခေါင်စာရင်းကောက်မဲ့ကိစ္စကို အကောင်အထည်ဖော်မယ့် သဘောရှိတယ်”

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပုလောမြို့နယ်မှာ စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူနိုင်ဖို့ ကြိုးစားနေပြီး သန်းခေါင်စာရင်း ကောက်ယူမှုတွေကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း တိုက်ခိုက်မှုတွေနဲ့ ကြုံနေရတာပါ။

အောက်တိုဘာလ ၄ ရက်နေ့က သန်းခေါင်စာရင်း ကောက်ယူမှုတွေကို လုံခြုံရေးယူပေးနေတဲ့ ပုလောမြို့နယ်က စစ်ကောင်စီ တပ်စခန်းငါးခုကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမှတ် (၁) တပ်ရင်း တာဝန်ရှိသူတစ်ဦးက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။