ပုလောမှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံး

RFA Burmese
2024.08.19
ပုလောမှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံး တနင်္သာရီတိုင်း၊ ပုလောမြို့အဝင်တစ်နေရာကို တွေ့ရစဉ်။
Tachileik News Agency

တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကြောင့် ဒီရက်ပိုင်းအတွင်း ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ်လ ၁၈ ရက်နေ့ ညပိုင်းက ပုလောမြို့နယ် ပလမြို့ ရဲစခန်းကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ တန်းရှင်းရွာထဲကို ကျရောက်ပေါက်ကွဲတာကြောင့် အသက် ရှစ်နှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကလေးက အိမ်မှာနေတဲ့အချိန် သူ့ဘေးကို လက်နက်ကြီးကျပြီး လာစင်တာ။ အပေါ်ပိုင်းနေရာအတော်များများကို လက်နက်ကြီးစတွေ ဝင်သွားတယ်။ သူ့ကိုဆေးရုံပို့ဖို့ ခေါ်သွားတဲ့လမ်းမှာတင် ဆုံးသွားတယ်”

မီးလောင်ချောင်းရွာက အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးလည်း လက်နက်ကြီးကျည်စ ထိမှန်တဲ့ဒဏ်ရာကို ဆေးကုသနေစဥ် သြဂုတ် ၁၇ ရက်နေ့မှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ သူကတော့ သြဂုတ် ၈ ရက်နေ့က စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ်လ ၁၆ ရက်နေ့ကလည်း မီးလောင်ချောင်းရွာက ဒေသခံတစ်ဦး စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ ဆိုပါတယ်။

ပုလောမြို့နယ်ဟာ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အားကောင်းတဲ့ဒေသဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း ရပ်ရွာတွေထဲကို မကြာခဏ လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

RFA က ပြုစုထားတဲ့စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် စုစုပေါင်း အရပ်သား နှစ်ထောင်နီးပါး (၁၉၄၂ ဦး) သေဆုံးခဲ့ပြီး ဒဏ်ရာရသူ လေးထောင်နီးပါး (၃၈၆၆ ဦး) အထိ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။