တရားရုံးတွေမှာ ကန့်သတ်ထားတဲ့ အမှုတွေကလွဲပြီး ကျန်တဲ့အမှုကိစ္စတွေကို ပြည်သူတွေအနေနဲ့ တက်ရောက် နားထောင်ခွင့်ရှိကြောင်းနဲ့ တားဆီးမှုတွေရှိလာရင် တိုင်ကြားနိုင်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့် က ပြည်သူ့လွှတ်တော်မှာ ဒီနေ့ ပြောပါတယ်။
တရားရုံးတွေရဲ့ တရားစီရင်ရာမှာ စိတ်ဝင်စားတဲ့ ပြည်သူတွေ ဝင်ရောက်နားထောင်တဲ့အခါ တားဆီးသူများကို အရေးယူရန် ရှိ မရှိကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က မေးမြန်းတာကို ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွှန့်က ပြန်လည်ရှင်းပြခဲ့တာ ဖြစ်ပါတယ်။
"တရားရုံးများဟာ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပါ တရားစီရင်ရေးဆိုင်ရာ မူများနဲ့အညီ ကန့်သတ်ထားတဲ့ အမှုများမှအပ ပြည်သူလူထုရှေ့မှောက်မှာ တရားစီရင်လေ့ရှိပါတယ်၊ တရားရုံးများမှာ အများပြည်သူများဟာ အတားအဆီးမရှိ ဝင်ရောက်နားထောင်ခွင့် ပြုလျှက်ရှိပါကြောင်း တင်ပြအပ်ပါတယ်၊ အကယ်၍ တရားရုံးများမှာ တရားစီရင်တာ ဝင်ရောက်နားထောင်ရာမှာ တားဆီးမှုများရှိကြောင်း တိုင်ကြားလာလို့ရှိရင် လိုအပ်တဲ့စုံစမ်း မှုတွေပြုလုပ်ပြီး ပေါ်ပေါက်တဲ့အတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်"
၂၀၁၀ ခုနှစ် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေအရ ကန့်သတ်ထားတဲ့အမှုတွေက ကလေးသူငယ်တွေ၊ လူကုန်ကူးခံရတဲ့ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေ၊ အများပြည်သူ နားထောင်ဖို့ မသင့်တော်တဲ့ မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှု စတဲ့အမှုတွေဖြစ်တယ်လို့ တရားသူကြီး ဦးစိုးညွန့် က ပြောခဲ့ပါတယ်။