ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မုံရွာမှာ ပထမဆုံးဖွဲ့ပြီ

စောဖိုးခွား
2021.02.26
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မုံရွာမှာ ပထမဆုံးဖွဲ့ပြီ မုံရွာမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
Wai Moe Naing FB

စစ်အာဏာသိမ်းကာလမှာ ကိုယ့်ရပ်ရွာတည်ငြိမ်အေးချမ်းရေးအတွက် ရည်ရွယ်ပြီး အရပ်သားတွေပါဝင်တဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကို စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဖေဖော်ဝါရီလ ၂၆ ရက်ဒီကနေ့မှာ ဖွဲ့စည်းလိုက်ပြီဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ အရပ်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဖွဲ့ဖို့ တိုက်တွန်းပြီးချိန်မှာ မုံရွာက ပထမဆုံးဖွဲ့လိုက်တာဖြစ်ပါတယ်။

မုံရွာက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာဝင်း ဦးဆောင်ပြီး၊ တိုင်းလွှတ်တော် ကိုယ်စားလှယ် နှစ်ဦးအပါအဝင်၊ ရှေ့နေတွေ၊ ကျောင်းဆရာမတွေ၊ လူမှုကူညီရေးအသင်းအဖွဲ့တွေ၊ နိုင်ငံရေးသမားတွေနဲ့ ဦးဆောင်အဖွဲ့ဝင် ၁၀ ဦးနဲ့ ဖွဲ့လိုက်တာဖြစ်ပါတယ်။

ဒီအဖွဲ့ဟာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH)၊ မုံရွာမြို့နယ်လုံးဆိုင်ရာလူထုသပိတ်ဦးဆောင်ကော်မတီ တို့နဲ့ ချိတ်ဆက်ပြီး စစ်အာဏာရှင်ဖီဆန်ရေး လှုပ်ရှားမှုတွေ ဆက်လုပ်သွားမယ်လို့ ကြေညာပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ပြည်သူတွေကို အကာအကွယ်မပေးနိုင်တဲ့အပြင် တရားဥပဒေစိုးမိုးရေးကိုပါ နှောင့်ယှက်ဖျက်ဆီးနေတာကြောင့် ပြည်သူတွေအနေနဲ့ ကိုယ့်လုံခြုံရေးကိုယ်ယူဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဖွဲ့ဖို့ CRPH က တိုက်တွန်းထားတာပါ။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) က ပြည်ထောင်စု အစိုးရဖွဲ့လာရင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ ပူးပေါင်းဖို့လည်း ကြေညာထားပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က အာဏာသိမ်းစစ်ကောင်စီရဲ့ အမိန့်မှန်သမျှကို မလိုက်နာဖို့၊ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကို ဆက်လုပ်သွားဖို့နဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရှောင်ရှားဖို့လည်း တိုက်တွန်းထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ ဒီကော်မတီမှာ ပါဝင်တဲ့သူတွေကို နိုင်ငံတော် အကြည်ညိုပျက်စေတယ်ဆိုပြီး တရားစွဲထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-02-26 21:12

We accepted the new township administration which is appointed by CRPH.