ထိုင်းစွမ်းအင်ကုမ္ပဏီ ဒေါ်လာ ၃ ဘီလျံကျော် ရင်းနှီးမြှုပ်နှံမည်
2014.02.25

မြန်မာနိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းတွေမှာ နောင်လာမယ့် ၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်းပေါင်း သုံးထောင့်သုံးရာ ရင်းနှီးမြုပ်နှံသွားမယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေးကုမ္ပဏီ PTTEP က ဒီကနေ့ ပြောလိုက် ပါတယ်။
ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်မှာ ကျင်းပခဲ့တဲ့ PTTEP ရဲ့သတင်းစာရှင်းလင်းပွဲမှာ ကုမ္ပဏီ ဥက္ကဋ္ဌ Mr Tevin Vongvanich က အခုလို ပြောကြားခဲ့တာပါ။
“PTTEP ကုမ္ပဏီအနေနဲ့ နောက်လာမယ့် ၅ နှစ်အတွင်း အရှေ့တောင်အာရှမှာ ရှင်းနှီးမြုပ်နှံဖို့ ၂၂ ရာခိုင်နှုန်း ရှိတဲ့အထဲက မြန်မာနိုင်ငံမှာတင် ၂၀ ရာခိုင်နှုန်း ရင်းနှီးမြုပ်နှံမှာဖြစ်ပါတယ်။ တန်ဖိုးအားဖြင့်ပြောရရင် အမေရိကန်ဒေါ်လာ ၃.၃ ဘီလီလျံဖြစ်ပါတယ်”
PTTEP ကုမ္ပဏီက လုပ်ကိုင်ခွင့်ရထားတဲ့ ဇောတိက လုပ်ကွက်ကနေ တစ်ရက်ကို သဘာဝဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၃၀၀ ကျော် ထွက်ရှိနေသလို အခြားလုပ်ကွက် ၇ ခုလည်း လုပ်ကိုင်ခွင့်ရရှိထားပြီးဖြစ်တယ်လို့ PTTEP ကုမ္ပဏီကပြောပါတယ်။ ဒါ့ပြင် ကုမ္ပဏီဟာ စီမံကိန်းဒေသမှာရှိတဲ့ ဒေသခံတွေအတွက် ပညာရေး၊ ကျန်းမာရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၃ သန်းကျော် အသုံးပြုခဲ့တယ်လို့လည်း ပြောပါတယ်။
PTTEP ဟာ ပြင်သစ်နိုင်ငံက Total ၊ မလေးရှားက Petronas ကုမ္ပဏီတွေနဲ့ တနင်္သာရီတိုင်း၊ ကန်ဘောက်ဒေသမှာရှိတဲ့ ရတနာနဲ့ ရဲတံခွန် ရေနံနဲ့သဘာဝဓာတ်ငွေ့ စီမံကိန်းတွေမှာ အကျိုးတူပူးပေါင်း လုပ်ဆောင်နေတယ်လို့ PTTEP ကုမ္ပဏီက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက တနင်္သာရီတိုင်း ကန်ဘောက်ဒေသခံတွေဟာ PTTEP၊ Total နဲ့ Petronas ကုမ္ပဏီတွေ အသုံးပြုနေတဲ့ ရွာချင်းဆက်လမ်းကို ကတ္တရာခင်းပေးဖို့အတွက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။