ပြည်သူတွေ ကျပ်တည်းလာတာနဲ့ မီးပြတ်မှု ဆိုးရွားနေတာကို ရန်ကုန်မှာ ဆန္ဒပြ

RFA Burmese
2024.05.22
ပြည်သူတွေ ကျပ်တည်းလာတာနဲ့ မီးပြတ်မှု ဆိုးရွားနေတာကို ရန်ကုန်မှာ ဆန္ဒပြ ၂၀၂၄ ခုနှစ် မေလ ၂၂ ရက်နေ့က ရန်ကုန်အခြေစိုက် လူငယ်သပိတ်အင်အားစုအဖွဲ့များ ရန်ကုန်မြို့တွင် ဆန္ဒပြနေကြစဉ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု

ရန်ကုန်မြို့မှာ လျှပ်စစ်မီး ဆိုးရွားစွာပြတ်တောက်နေတာတွေ၊ ပြည်သူလူထုတွေ ကျပ်တည်းလာတာတွေကြောင့် ရန်ကုန်အခြေစိုက် လူငယ်သပိတ်အင်အားစုအဖွဲ့တွေက စစ်ကောင်စီကို မေလ ၂၂ ရက်နေ့ ညက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ပြည်သူလူထုတွေ စားသောက်နေထိုင်ရေးမှာ ကျပ်တည်းမှုတွေ ပိုမိုရင်ဆိုင်လာရတဲ့အတွက် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) နဲ့ ရွှေပြည်သာသပိတ်ကော်မတီအပါအဝင် တော်လှန်လူငယ်အဖွဲ့တွေ စုပေါင်းဆန္ဒပြခဲ့ကြတာပါ။

လျှပ်စစ်မီးဆိုးရွားစွာပြတ်တောက်တာတွေကြောင့် ပြည်သူလူထုရဲ့ အထွေထွေကျပ်တည်းမှုတွေ ပိုမိုဆိုးရွားလာတာတွေကို တော်လှန်ကြဖို့ သပိတ်အင်အားစုတွေက နှိုးဆော်ခဲ့ကြတာလို့ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု (AJAY) က ကိုနန်းလင်းက ပြောပါတယ်။

"မီးမလာတဲ့အတွက်ကြောင့် ရာသီဥတုကအရမ်းပူတယ်။ ညတွေတောင်မအိပ်နိုင်တဲ့အနေအထားတွေဖြစ်တယ်။ မလုံခြုံမှုတွေကလည်းရှိတယ်။ ဒီလိုဆိုးရွားတဲ့ ကျပ်တည်းမှုတွေကို လူထုက နေ့စဉ်နဲ့အမျှ ပိုပိုပြီးတော့ ကြုံလာရတယ်။ ရှေ့ဆက်လည်း အခြေအနေဆိုးတွေကို ကြုံလာရမှာ ဖြစ်တယ်လို့မြင်တယ်။ ကျွန်တော်တို့မှာ ဒီအတိုင်းအသေခံ အညံ့ခံမလားနဲ့ ကိုယ့်လွတ်မြောက်ရေးအတွက် ကိုယ်တိုင်တိုက်မလားဆိုတာပဲ ကျွန်တော်တို့ မြင်ပါတယ်။ လူထုမလွတ်မြောက်သရွေ့ စစ်အာဏာရှင်လက်အောက်က မလွတ်မြောက်သရွေ့တော့ ကျွန်တော်တို့ အခုကြုံနေရတဲ့ဒုက္ခတွေ ကြုံနေရမှာပဲ ဖြစ်တယ်။"

ဆန္ဒပြပွဲ ဗီဒီယိုဖိုင်ဟာ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီး ဘယ်နေရာမှာ ဆန္ဒပြခဲ့တာလည်းဆိုတာကိုတော့ ပါဝင်သူတွေရဲ့ လုံခြုံရေးအရ ပြောဆိုတာမရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် မတရားစစ်မှုထမ်းဖို့ စုဆောင်းခံနေရတဲ့ လူငယ်တွေ ပိုမိုများပြားလာတဲ့အတွက် စစ်အာဏာရှင်လက်အောက်ကို မရောက်ရေး လူထုအားနဲ့ ဆန့်ကျင်တွန်းလှန်ဖို့ကိုလည်း သပိတ်လှုပ်ရှားမှုအဖွဲ့တွေက တောင်းဆိုတိုက်တွန်းခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

KoKhin
2024-05-24 05:10

အန္တရာယ်ကင်းပြီးကြံစီသမျှအောင်ပါစေ🌹