ရဲအရာရှိကြီးတွေကို အရေးယူဖို့ ရန်ကုန်မှာ လူရာချီဆန္ဒပြ
2019.12.23

နေပြည်တော်က Wisdom Hill ပုဂ္ဂလိက မူကြိုကိုယ်ပိုင်ကျောင်းမှာ ကျောင်းတက်ခဲ့တဲ့ ဗစ်တိုးရီးယားလို့ ခေါ်ကြတဲ့ သုံးနှစ်အရွယ် ကလေးငယ်လေး တစ်ဦး လိင်အကြမ်းဖက်ခံရမှုကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အမှုမှန်ပေါ်ပေါက်ရေးထက်၊ ရဲကျင့်ဝတ်ချိုးဖောက်ပြီးတော့ နစ်နာသူရဲ့အမည်ကို ထုတ်ပြောခဲ့တာကြောင့် တာဝန်ရှိသူတွေကို အရေးယူပေးဖို့ လူအင်အားရာချီ စုဝေးဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
အမှုမှာ စွပ်စွဲခံရတဲ့ ကားဒရိုင်ဘာ ကိုအောင်ကြီးကို အမှုမခိုင်လုံလို့ တရားရုံးက တရားရှင်လွှတ်ပေး (လိုအပ်သည့်အချိန်တွင် ပြန်ဖမ်းဆီးစစ်ဆေးနိုင်) ခဲ့ပါတယ်။ အဲဒီနောက် ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ရဲတပ်ဖွဲ့ အဆင့်မြင့်အရာရှိတွေဖြစ်တဲ့ ဒုရဲချုပ် အောင်နိုင်သူ၊ ရဲမှူးချုပ် စိုးနိုင်ဦး၊ ရဲမှူးကြီး မင်းဟန်၊ ရဲမှူးကြီး သာထွန် တို့ သုံးဦး ခေါင်းဆောင်ပြီးတော့ာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ဥပဒေအရဆိုရင် ရဲတပ်ဖွဲ့ဟာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၉၆ နဲ့အညီ နစ်နာသူ အမည်ကို ထိန်ချန်ထားပေးရမှာပါ။ ရဲတပ်ဖွဲ့ရဲ့ ရှင်းလင်းပွဲကို ရဲဇာနည် အမည်ရှိ ရဲတပ်ဖွဲ့သတင်းပြန်ကြားရေး ဖေ့စ်ဘွတ် လူမှုကွန်ရက် စာမျက်နှာကလည်း တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားလို့ ပြည်သူလူထုက ဝိုင်းဝန်းထောက်ပြကြပေမယ့် ရဲဇာနည် စာမျက်နှာကနေ အမှုတွဲ အချက်အလက်နဲ့ အမည်အရင်းပါတဲ့ လျှို့ဝှက်စာရွက်တွေကို ထပ်မံတင်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ဝေဖန်မှုမြင့်တက်လာတဲ့အခါ ရဲဇာနည် စာမျက်နှာပေါ်က တိုက်ရိုက်ထုတ်လွှင့်မှုနဲ့ စာရွက်စာတမ်းတွေကို ဖြုတ်ချသွားခဲ့ပါတယ်။
အဲဒီလိုထုတ်ဖော်ပြောဆိုခဲ့တဲ့ သူတွေဟာ ရဲတပ်ဖွဲ့မှာ ရာထူး ကိုယ်စီ ယူထားသူတွေဖြစ်တာကြောင့် အရေးယူပေးဖို့ ဒီနေ့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ Generation Wave က မအိအိမိုးက ပြောပါတယ်။
ဒီနေ့ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဘိုကလေး ဦးမြင့်အောင်က သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင် အရာရှိတွေကို အရေးယူပေးဖို့ မဖြစ်နိုင်ဘူးလို့ပြောပါတယ်။
ဆန္ဒပြသူတွေဟာ မဟာဗန္ဓုလပန်းခြံကနေ ကျောက်တံတား၊ ပန်းဘဲတန်းနဲ့ လသာမြို့နယ်တွေကို ပတ်ပြီး ချီတက်ခဲ့ကြပြီး ခွင့်ပြုမိန့်တင်တာမရှိဘူးလို့ သိရပါတယ်။ ခွင့်ပြုချက်မတင်ဘဲ လမ်းလျှောက်ချီတက်တာနဲ့ ပတ်သက်ပြီး ကျောက်တံတားမြို့နယ် ရဲစခန်းက စခန်းမှူးကို RFA အနေနဲ့ မေးမြန်းနိုင်အောင် ကြိုးစားပေမယ့် မသိကြောင်းသာ ပြောပါတယ်။
ကလေးငယ်ရဲ့ အမည်နဲ့ မိဘအမည်တွေကို ရဲတပ်ဖွဲ့တာဝန်ရှိသူတွေ ထုတ်ဖော်ပြောဆိုခဲ့တာဟာ ရည်ရွယ် ချက်ရှိရှိ မှားလိုက်တာ ဖြစ်တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
လမ်းတစ်လျှောက်မှာလည်း ရဲတပ်ဖွဲ့ရဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကြောင်း၊ ဗစ်တိုးရီးယားအတွက် တရားမျှတမှု အမြန်ဆုံးဖော်ပေးဖို့၊ ကျင့်ဝတ်နဲ့ဥပဒေချိုးဖောက်တဲ့ ရဲအရာရှိတွေကို အရေးယူပေးဖို့ စတာ တွေကို တောင်းဆိုခဲ့ကြပါတယ်။
ဗစ်တိုးရီးယားကိစ္စ ပြောခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူပေးဖို့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။
ကလေးငယ်ရဲ့ အမှုနဲ့ ပတ်သက်ပြီး သံသယတရားခံအဖြစ် ဖမ်းဆီးထားတဲ့ ကိုအောင်ကြီး တရားလိုပြသက်သေ ၂၆ ဦးထဲက ၁၉ ဦး စစ်ဆေးအပြီးမှာ ပြစ်မှုကျူးလွန်ကြောင်း အထောက်အထားမတွေ့ရတာကြောင့်ဆိုပြီး တရားရုံးက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့က တရားရှင် လွှတ်ပေးလိုက်ပါတယ်။ သက်သေအားလုံးကို စစ်ဆေးမပြီးခင်မှာ အဲ့ဒီလို လွှတ်ပေးလိုက်တာဟာ စောလွန်းကြောင်း သတင်းစာရှင်းလင်းပွဲမှာ ရဲတပ်ဖွဲ့က ပြောထားပါတယ်။
၂၀၁၉ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာဥပဒေ ပုဒ်မ ၉၆ မှာ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေး ရာမှာဖြစ်စေ၊ ကလေးသူငယ်တရားရုံးရှေ့ဖြစ်စေ၊ တရားရုံး တစ်ခုခုမှာဖြစ်စေ ပြစ်မှုကျူးလွန်တာခံရတဲ့ ကလေးသူငယ်တွေ၊ သက်သေအဖြစ် ထွက်ဆိုတဲ့ ကလေးသူငယ်တွေကို နာမည်နဲ့ မှုခင်းသတင်း အချက်အလက်တွေ ရယူတာ၊ ဓာတ်ပုံရိုက်တာ၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်နဲ့ စာအုပ်စာတမ်းတွေ ထည့်သွင်းတာ၊ ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ လူမှုကွန်ရက်ဆက်သွယ်ရေး နည်းလမ်းတွေမှာ ထုတ်လွှင့်ခြင်း မပြုရလို့ ပြဌာန်းထားပါတယ်။
အဲဒီပြဌာန်းချက်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင် ကျူးလွန်သူဟာ အနည်းဆုံး ထောင်ဒဏ် လေးလကနေ အများဆုံး တစ်နှစ်ထိ ဖြစ်စေ၊ ငွေဒဏ်အနေနဲ့ အနည်းဆုံးကျပ် လေးသိန်းကနေ အများဆုံး ကျပ် ခြောက်သိန်း အထိဖြစ်စေ၊ ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။