သပိတ်မှောက် ကျောင်း သားခေါင်းဆောင်တွေ လွှတ်တော်ကော်မတီနဲ့ ဆွေးနွေး


2015.02.27
student-parliament-meet-305 ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း နဲ့ ကျောင်းသားခေါင်းဆောင်တွေ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တွေ့ဆုံစဉ်
Photo: Myo Thant Khaing/RFA

သပိတ်မှောက် ကျောင်းသားခေါင်ဆောင်တွေနဲ့ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် လွှတ်တော်ကိုယ် စားလှယ်တွေ ဒီနေ့ နေပြည်တော်မှာတွေ့ဆုံခဲ့ကြပြီး အမျိုးသားပညာရေး ပြုပြင်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြ ရာမှာ ဥပဒေကို ပြင်ဆင်နိုင်ဖို့ကို လွှတ်တော်ရဲ့လုပ်ထုံး လုပ်နည်းအဆင့်အတိုင်း လုပ်ဆောင်မှာဖြစ်တဲ့အတွက် သပိတ်မှောက် ကျောင်းသူ ကျောင်းသားတွေက စောင့် ကြဖို့ ကော်မတီဘက်က တိုက်တွန်းလိုက်ပါတယ်။

လွှတ်တော်ဘက်က လုပ်ဆောင်မယ့်အဆင့်ဆင့် ကို ပြောခဲ့တာဖြစ်ကြောင်း တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောပါတယ်။

"သူတို့ကတဆင့်ဆက်ပြီးတော့ ကျနော်တို့ ဆက်ဆွေးနွေးတာတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေ သက်ဆိုင်ရာရေးရာကော်မတီတွေကို ဆက်ပြီးဆွေးနွေးသွားမယ်၊ လွှတ်တော် ဥက္ကဌဆီကိုလည်း တင်ပြမယ်လို့ပြောတယ်ဗျ၊ သူတို့ဆီက သဘောတူညီချက်တောင်းဖို့လည်း မဟုတ်ဘူး၊ ကျနော်တို့အနေနဲ့ ဒီလိုဒီလိုမဖြစ်သင့်ဘူး၊ ဖြစ်သင့် တယ်ဆိုတာကို ဆွေးနွေးတာဖြစ်တယ်၊ သဘောတူညီချက်အနေနဲ့ သူတို့လည်းမပေးနိုင်ဘူး၊ ဒီဥပဒေ ဒီမူကြမ်းရေးဆွဲရေးကော်မတီအနေနဲ့က သူတို့ဆီရောက်လာတဲ့ဥပဒေတွေကို စိစစ်ပြီးတော့မှ လက်ခံမယ် လက်မခံဘူး ဒါကိုပဲဆုံးဖြတ်မယ့် ကော်မတီဖြစ်တယ်၊ အဲ့လိုဆုံးဖြတ်မယ့်ကော်မတီအနေနဲ့ လက်ရှိက အမျိုးသားလွှတ်တော်မှာတင်ထားတယ်၊ ပြည်သူ့လွှတ်တော်ကို မရောက်သေးဘူးလို့ သူတို့ကပြောတယ်"

ကျောင်းသားခေါင်းဆောင်တွေက ၄ ပွင့်ဆိုင်တွေ့ဆုံပွဲမှာ သဘောတူခဲ့တဲ့ဥပဒေကြမ်းနဲ့ ပညာရေးဝန်ကြီးဋ္ဌာနက သီးခြားတင်ပြမယ့်ဥပဒေကြမ်းကို တပြိုင်တည်းဆွေးနွေးမှာဖြစ်တာကြောင့် အချိန်ကြန့်ကြာမှာကို စိုးရိမ်ကြောင်း တင်ပြခဲ့တယ်လို့ ပြောပါတယ်။

လာမယ့်မတ်လ ၁ ရက်နေ့မှာ ပဲခူးတိုင်း လက်ပံတန်းမြို့မှာ ရပ်နားထားတဲ့ ပင်မကျောင်းသားသပိတ်စစ်ကြောင်း ဟာ မူလသတ်မှတ်ထားတဲ့အတိုင်း ရန်ကုန်ကိုချီတက်ကြမှာဖြစ်တဲ့အတွက် အကြမ်းဖက်ဖြိုခွဲမူတွေ မလုပ်ဖို့ တောင်း ဆိုခဲ့တယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း တက်ရောက်ဖို့ သတင်းတွေထွက်ပေါ်ခဲ့ပေ မဲ့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနဲ့သာ ကျောင်းသားတွေ တွေ့ဆုံခဲ့ရတာဖြစ်ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသ ဥက္ကဋ္ဌ ကိုကျော်ကိုကို ကို RFA သတင်း ထောက် ကိုသီဟထွန်းဆက်သွယ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဒီတွေဆုံပွဲကို တက်ရောက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကို RFA ဝိုင်းတော်သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

NNER မြန်မာနိုင်ငံ ပညာရေး စနစ် ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်အဖွဲ့ခေါင်းဆောင် ဒေါက်တာ သိန်းလွင်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။