လှေစီးခိုးဝင်သူတွေကို ခိုလှုံခွင့်မပေး ဖို့ ပုသိမ်မြို့မှာ ဆန္ဒပြတောင်းဆို
2015.06.03

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ မြို့နယ် ၂၆ မြို့နယ်က ဒေသခံတွေနဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) သံဃာတော်တွေ စုပေါင်းပြီး လှေစီးဒုက္ခသည်တွေကို မြန်မာနိုင်ငံမှာ ခိုလှုံခွင့်မပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
လှေစီးဒုက္ခသည် အမည်ခံပြီး ခိုးဝင်လာသူတွေကို လက်မခံနိုင်တာကြောင့် ဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြပွဲ ဦးဆောင်ခဲ့တဲ့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက မိန့်ကြားပါတယ်။
"ဒုက္ခသည်အမည်ခံပြီးတော့ ခိုးဝင်တဲ့ဘင်္ဂါလီတွေကို ဘုန်းကြီးတို့ မြန်မာတိုင်းရင်းသား မျိုးနွယ်တွေ ၁၃၅ မျိုးထဲ မပါသည့်အတွက်ကြောင့် ဘုန်းကြီးတို့က လက်မခံနိုင်တဲ့ အကြောင်း၊ နောက်တစ်ချက်က ကုလသမဂ္ဂ အဖွဲ့အစည်းအသီးသီးက ၂၉ ရက် ၅ လ ၂၀၁၅ ခုနှစ်မှာ ဘင်္ဂါလီတွေကို လူ့အခွင့်အရေး အကြောင်းပြပြီးတော့ မြန်မာနိုင်ငံက လက်ခံဖို့ သဘောမျိုးနဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ဘုန်းကြီးတို့က ကန့်ကွက်ဆန္ဒပြတယ်၊ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကို ကုလသမဂ္ဂက ဝင်ရောက်စွက်ဖက်တယ်၊ လူ့အခွင့် အရေးလို့ကြေညာနေတဲ့ နိုင်ငံတွေက ဒီဘင်္ဂါလီတွေကို သူတို့နိုင်ငံမှာခေါ်ထားလိုက်ပါလားလို့ ဘုန်းကြီး ကပြောချင်ပါတယ်"
ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းက မဘသ အဖဲ့ွဝင်သံဃာတော်တွေနဲ့ လူမှုရေးအဖွဲ့ ၇၀ လောက်က ပုသိမ် မြို့ ရွှေမုဓေါဘုရားကနေ မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက် ဆန္ဒပြကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြန်မာ့ရေပိုင်နက်ထဲကို ရောက်ရှိလာတဲ့ လှေစီး ဒုက္ခသည် ၂ဝဝ ကို မြန်မာရေတပ်က ကယ်တင် ထားပြီး၊ သူတို့ကို မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့နယ်ခွဲ မှာ ကယ်တင်ထားပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်၊ ဟိုင်းကြီးကျွန်းအနီးမှာ လှေစီးဒုက္ခသည် ၇၀၀ကျော်ကို ကယ်ဆယ် ထားပြီး ရခိုင်ပြည်နယ် မောင်တောမြို့ကို ပို့လိုက်ပြီ ဖြစ်ပါတယ်။
မဘသအဖွဲ့ဝင်တွေဟာ အလားတူ ဆန္ဒပြပွဲတစ်ခုကို ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့က ရန်ကုန်မြို့ ကျိုက္ကဆံလူထုဟစ် တိုင်ကွင်းမှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။