မုံရွာမြို့ပေါ် ဆန္ဒပြပွဲမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်

စက်တင်ဘာ ၂၆ ရက် ဒီကနေ့ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ စစ်ကောင်စီတပ်နဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးယူပေးနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

မုံရွာမြို့ ဘိုးဘွားရိပ်သာအနီးတွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြသည်ကို တွေ့ ရစဉ်။ ဓာတ်ပုံ - မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်က ဘိုးဘွားရိပ်သာအနီး စက်တင်ဘာ ၂၆ ရက် ဒီကနေ့ ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ စစ်ကောင်စီတပ်နဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးယူပေးနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

မုံရွာက ဆန္ဒပြခေါင်းဆောင် ကိုဝေမိုးနိုင်ရဲ့ အသက်၂၇ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အနေနဲ့ ဒီကနေ့ ဆန္ဒပြနေချိန်မှာ စစ်ကောင်စီတပ်သားတွေက အိမ်စီးကားနဲ့ ရောက်လာပြီး စတင်ပစ်ခတ်ခဲ့တာလို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုသန်းကျော်ဦးက ပြောပါတယ်။

“မုံရွာ လူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ရဲ့ မွေးနေ့ အထိမ်းအမှတ်အနေနဲ့ မြို့ထဲမှာ ဆန္ဒပြတာပေါ့၊ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့လုပ်တာ၊ ကြွေးကြော်တယ်။ လူထုသပိတ် ဟောတယ်။ ဟောပြောနေတဲ့အခိုက် အိမ်စီးကားတွေနဲ့ရောက်လာတော့ အပြန်အလှန် ပစ်တာ၊ အထိအခိုက်တော့ မရှိပါဘူး”

ဒီပစ်ခတ်မှုကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာ ရှိ မရှိ စုံစမ်းနေတယ်လို့ ကိုသန်းကျော်ဦးက ပြောပါတယ်။

စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့က မုံရွာလူထုသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဝေမိုးနိုင်ကို ၂၀၂၁ ခုနှစ် ဧပြီ ၁၅ ရက်က မုံရွာမြို့မှာပေါ် မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေတုန်း ကားနဲ့တိုက်ပြီး ဖမ်းဆီးခဲ့တာပါ။ အဲ့ဒီနောက် အမှုငါးမှုအတွက် ကိုဝေမိုးနိုင်ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org