မြန်မာနိုင်ငံ မြို့ကြီးတွေမှာ အိုအိုင်စီရုံး မဖွင့်ရေး တောင်းဆိုဆန္ဒပြ

ရန်ကုန်မြို့ ဆူးလေစေတီအနီးအနားက မြို့တော်ခန်းမရှေ့မှာ သံဃာတော် အပါး (၃၀၀၀) ကျော် အပါအဝင် စုစုပေါင်း (၄၀၀၀) နီးပါးခန့်ဟာ မြန်မာနိုင်ငံမှာ အိုအိုင်စီရုံး (OIC) မဖွင့်ဖို့ ကန့်ကွက်တဲ့ အနေနဲ့ ဒီကနေ့ နေ့လည်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။

အိုအိုင်စီရုံး မြန်မာနိုင်ငံမှာ မဖွင့်ရေး အတွက် စစ်တွေ သံဃာများ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ဆန္ဒထုတ်ဖော်နေကြစဉ်။ RFA

ရွှေတိဂုံဘုရား အရှေ့ဖက်မုဒ်ကနေ ဆူးလေစေတီအထိ ချီတက် လမ်းလျှောက်လာတဲ့ သံဃာတော်တွေဟာ လမ်းတလျှောက်မှာ ဆုတောင်းမေတ္တာ ပေးပို့ခဲ့ကြပါတယ်။

တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံဟာ အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့အတွက် ယာယီဖြစ်ဖြစ်၊ အမြဲတမ်းဖြစ်ဖြစ် ရုံးစိုက်ဖို့ကို မြန်မာနိုင်ငံသား ပြည်သူတွေ အားလုံးက လုံးဝလက်မခံနိုင်ဘူး ဆိုပြီး ရန်ကုန်မြို့က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး လှုပ်ရှားမှု ကော်မတီက ဒီကနေ့ ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။

အလားတူ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်  ၆၂လမ်း နဲ့ အိမ်တော်ရာဘုရားမှာ သံဃာတော်တွေ ဦးဆောင်ပြုလုပ်တဲ့ အိုအိုင်စီရုံး ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ နေရာနှစ်နေရာမှာ တစ်ချိန်တည်း ပြုလုပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်  စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင် စတဲ့မြို့တွေမှာလည်း အိုအိုင်စီ ရုံးမဖွင့်ရေး ဆန္ဒပြပွဲတွေကို ရဟန်းသံဃာတော်တွေက ဦးဆောင်ပြီး မြို့ခံလူထုတွေ  ဒီကနေ့ နေ့လည် ၁ နာရီက တစ်ပြိုင်နက်တည်း ပြုလုပ်ခဲ့ကြပါတယ်။

စစ်တွေမြို့က ဆန္ဒပြပွဲမှာ သံဃာအပါး ထောင်ဂဏန်း အထိရှိပြီး သောင်းဂဏန်းအထိ ရှိမယ့် မြို့ခံတွေကလည်း ပူးပေါင်းပါဝင်ကြတယ်လို့ သိရပါတယ်။

မြင်းခြံမြို့မှာလည်း အိုအိုင်စီရုံး ဆန့်ကျင်ရေး သံဃာအပါး ၂၀၀ လောက်ဆန္ဒပြရာမှာ မြို့ခံတွေ ပူးပေါင်းပါဝင်ကြ ပါတယ်။

ဆန္ဒပြ သံဃာတွေက နိုင်ငံတော် အစိုးရအနေနဲ့  အိုအိုင်စီရုံး ကိစ္စကို ပွင့်ပွင့်လင်းလင်း တရားဝင် သတင်းထုတ်ပြန်ပေးဖို့ တောင်းဆိုပါတယ်။

ရန်ကုန်မြို့က ဆန္ဒပြပွဲကို စီစဉ်တဲ့ ဒဂုံမြိုသစ်အရှ့ပိုင်း မကွေးပရိယတ္တိ စာသင်တိုက်က ဆရာတော်ဦးပါမောက္ခကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်း လျှောက်ထားတာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org