မူးယစ်ရောင်းဝယ်သုံးစွဲမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြ


2018.06.24
drug-protest-moenyin-622.jpg မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲတာတွေကို ဆန့်ကျင်ကြောင်း ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့က ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့မှာ ဒေသခံတွေ စုပေါင်းဆန္ဒပြကြစဉ်
Photo: Thaung Nyan - facebook

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲတာတွေကို ဆန့်ကျင်ကြောင်း ဒေသခံတွေ ဒီကနေ့ စုပေါင်းဆန္ဒပြကြပါတယ်။

နန်းမားဒေသမှာ မူးယစ်းဆေးဝါးကို အိမ်တိုင်းနီးပါး သုံးစွဲမှုတွေရှိနေပြီး အရေးယူဆောင်ရွက်မှုတွေ အားနည်း တာကြောင့် ဆန္ဒထုတ်ဖော်တာလို့ ဆန္ဒပြပွဲ ခေါင်းဆောင် ဦးသန်းဇော်ဝင်း က ပြောပါတယ်။

"နန်းမားမှာ မူးယစ်ဆေးဝါးတွေ တအားပေါနေလို့လေ။ နန်းမားအုပ်စုထဲမှာကျတော့ မူးယစ်ဆေးဝါးက လူပေါင်း တစ်ရာမှာ ရှစ်ဆယ်ရာခိုင်နှုန်းကတော့ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေဖြစ်နေ၊ များနေပြီလေ။ အိမ်တိုင်း၊ အိမ်တိုင်းမှာ မူးယစ်ဆေးဝါး မသုံးစွဲတဲ့အိမ်ဆိုလို့ မရှိပါဘူးခင်ဗျ။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် ဆန္ဒပြတာပဲခင်ဗျ။ ဆန္ဒထုတ်ဖော်တာပဲ"

မူးယစ်ဆေးဝါးရောင်းချသူ ဒို့ရန်သူ၊ မူးယစ်ဆေးဝါးရောင်းချသူကို ကူညီအားပေးသူ အလိုမရှိ၊ နိုင်ငံတော်က ထုတ်ပေးထားတဲ့ ဝရမ်းကို ဆောင်ရွက်မှုမရှိသူ အလိုမရှိ စတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး နန်းမားမြို့ အောင်ဆန်းအားကစားကွင်းကနေ မြို့ကို လှည့်လည်ပြီး ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုတွေ ကျယ်ပြန့်များပြားလာနေပေမယ့် အာဏာပိုင်တွေက ထိရောက်တဲ့ နှိမ်နှင်းဆောင်ရွက်မှုတွေမရှိဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

ဒါ့အပြင် ဖမ်းဝရမ်းထုတ်ထားတဲ့ မူးယစ်ဆေးဝါးရောင်းဝယ်နေသူကို ဖမ်းဆီးအရေးယူတာမရှိဘူးလို့ ဆိုပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲကို မြို့မ၊ ရန်အောင်၊  ညောင်ကုန်း စတဲ့ နမ္မား ဒေသရပ်ကွက်ကျေးရွာတွေနဲ့ လယ်မှီး၊ ကျွန်းပင်သာ၊ အင်ကြင်းကုန်း စတဲ့ ရွာတွေက တိုင်းရင်းသား ပြည်သူတွေ အပါအဝင် လူအင်အား ၅၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။