လက်ပံတောင်းမှာ တရုတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြ
အာဏာသိမ်း စစ်ကောင်စီကို ထောက်ခံအားပေးနေတဲ့ တရုတ်အစိုးရကို စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသက လူငယ်တွေ ဒီကနေ့ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီလက်ပံတောင်းဒေသမှာ စစ်ကောင်စီရဲ့ ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်တဲ့ ကြေးနီစီမံကိန်းတွေ ပြန်စဖို့ ပြင်ဆင်နေချိန်မှာ အခုလိုဆန္ဒပြတာလည်း ဖြစ်ပါတယ်။
"တရုတ်အစိုးရ အနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို အလေးထားပါ"၊ "ဖက်ဆစ်ရာဇဝတ်သားတွေကို ထောက်ခံပံ့ပိုးခြင်းကို ရပ်တန်းက ရပ်ပါ" ဆိုတဲ့ တောင်းဆိုချက် စာတန်းတွေကို ကိုင်ဆောင်ခဲ့ကြသလို၊ တရုတ်နိုင်ငံရဲ့ အလံကိုလည်း ဆန္ဒပြသူတွေက မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ဧပြီလအစောပိုင်း တရုတ်ခရီးစဉ်အတွင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တွေ့ဆုံချိန် ဝမ်ယိက မြန်မာနိုင်ငံမှာ အခြေအနေတွေ ဘယ်လိုပဲပြောင်းပြောင်း အာဏာသိမ်းစစ်ကောင်စီကို ဆက်လက်ထောက်ခံသွားမယ်လို့ ပြောဆိုခဲ့တာပါ။
လက်ပံတောင်းဒေသမှာ အာဏာသိမ်းကတည်းက ရပ်တန့်နေတဲ့ ကြေးနီစီမံကိန်းတွေလည်း အဲဒီ ဦးဝဏ္ဏမောင်လွင်ရဲ့ တရုတ်ခရီးစဉ်အပြီးမှာ ပြန်စဖို့ ပြင်ဆင်လာတယ်လို့ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမျိုးမင်းက ပြောပါတယ်။
အဲဒီစီမံကိန်းတွေ ပြန်စမယ်ဆိုရင် စီမံကိန်း လုပ်ငန်းခွင်ကို တိုက်ခိုက် ဖျက်ဆီးသွားမယ်လို့ ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်က ဒေသခံ PDF ၁၆ ဖွဲ့ကလည်း ဧပြီလ ၂၁ ရက်နေ့မှာ သတိပေးစာ ထုတ်ထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို အားပေးတာတွေရပ်ဖို့ တရုတ်သမ္မတထံကို မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၅၅၈ ဖွဲ့ကလည်း ဧပြီလ ၂၅ ရက်နေ့မှာ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ထားပါတယ်။