ရန်ကုန်မြို့သစ်စီမံကိန်း ၇ ခု လွှတ်တော်မှာ တင်ပြ


2015.06.10
ygn-parliament-620.jpg ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ကျင်းပစဉ်
Photo: RFA

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လျာထားတဲ့ ရန်ကုန်မြို့သစ်စီမံကိန်း ၇ ခုကို ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ မြို့တော်ဝန် ဦးလှမြင့်က တင်ပြလိုက်ပါတယ်။

လာမယ့် သက္ကရာဇ် ၂၀၄၀ ကို ရည်မှန်းပြီး အဲဒီစီမံကိန်း ၇ခုကို အပြီးတည်ဆောက်ဖို့ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်က ရှင်းပြသွားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း က ပြောပါတယ်။

"သူက မြို့ပြစီမံကိန်းတင်လာတယ်၊ အဲ့အထဲမှာ သူတို့အရင်တခါတုန်းက လွှတ်တော်မှာ ပြန်ရုပ်သိမ်းသွားတဲ့ မြို့သစ်စီမံကိန်းကို ဒုတိယဦးစားပေးအနေနဲ့ တင်လာတယ်၊ ဦးစားပေးအဆင့်တွေရှိတယ်၊ ဒဂုံမြို့နယ်က ဦးစားပေးအဆင့် ၁ အနေနဲ့ဖြစ်ပြီးတော့ ရန်ကုန်မြို့ရဲ့ အနောက်တောင်ပိုင်းပေါ့ ရုပ်သိမ်းသွားတဲ့နေရာက အဆင့် ၂ ပါလာတယ်၊ ဦးစားပေးအဆင့် ၇ အထိရှိတယ်၊ တကယ့်စီမံကိန်း အကြီးကြီးပဲချပြတာ၊ ပိုက်ဆံလည်း အများကြီးသုံးမှာ၊ ဘီလျံရှစ်ထောင်ကျော်ဖိုးသုံးမှာလို့ ခန့်မှန်းတောင်မှလေ၊  JICA နဲ့ ပူူးပေါင်းတာပေါေ့နာ်၊ ဒါပေမဲ့ ဒီစီမံကိန်းကြီးတစ်ခုလုံးအတွက် ပိုက်ဆံတွေကို ဘယ်သူကပေးမယ်ဆိုတာကို ဒီနေ့ပြောမသွားဘူး၊ ရန်ကုန် တမြို့လုံးကို အရှေ့နဲ့ အနောက်ကို ချဲ့တာပေါ့နော်၊ ကွန်ရက်တွေနဲ့ မြို့ပတ်လမ်းတွေနဲ့ Plan ကတော့ တော်တော်ကောင်းတယ်၊ ဒါပေမဲ့ ဘယ်သူတွေနဲ့ ဘယ်လိုအကောင်အထည် ဖော်မှာလည်းဆိုတာ က မေးခွန်းထုတ်စရာတွေဖြစ်နေလို့"

ဒဂုံအရှေ့မြောက်ပိုင်း၊ အနောက်တောင်ပိုင်း၊ သံလျင်၊ ထန်းတပင်၊ ဒလ၊ မှော်ဘီနဲ့ လှည်းကူးမြို့သစ် စတဲ့ မြို့သစ်စီမံကိန်း ၇ ခုကို ဂျပန်အစိုးရရဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ JICA က ရေးဆွဲထားတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီမြို့သစ်စီမံကိန်းတွေကို အကောင်အထည်ဖော်တဲ့အခါ လယ်မြေတွေကို မြို့မြေတွေအဖြစ် ပြောင်းလဲ မှာဖြစ်ပြီး လျော်ကြေးပေးဖို့လည်း ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

မြို့တော်ဝန်ရဲ့ တင်ပြမှုကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေက လာမယ့် ဇွန်လ ၁၉ရက်နေ့ အစည်းအဝေးမှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။