စီမံကိန်းအပေါ် အငြင်းပွားမှု လိုအပ်ရင် ခုံရုံး အဆုံးအဖြတ် ခံယူမည်


2018.02.05
tanintharyi-parliament-622.jpg တနင်္သာရီတိုင်း လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
.

တနင်္သာရီတိုင်းအတွင်းမှာ ဆောင်ရွက်နေတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ကို တင်ပြဖို့ လို မလို တိုင်းအစိုးရနဲ့ တိုင်းလွှတ်တော်ကြား အငြင်းပွားမှု ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး လိုအပ်လာရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကို တင်ပြပြီး အဆုံးအဖြတ် ခံယူသွားမယ်လို့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်အေး က ဒီနေ့ ပြောပါတယ်။

အစိုးရနဲ့ လွှတ်တော်အကြား အငြင်းပွားနေတဲ့အပေါ် စာနဲ့အပြန်အလှန် ဆွေးနွေးနေရာကနေ နောက်ဆုံးမှာ လိုအပ်လာရင် ခုံရုံးကို တင်ပြသွားမယ်လို့  ဦးခင်မောင်အေး က ပြောပါတယ်။

"တင်ရမယ်ဆိုတဲ့ အနာဂတ် အစီအစဉ် ပေါ့ဗျာ၊ အဲလိုဆောင်ရွက်မယ်၊ ကျနော်တို့ အချင်းချင်းကတော့ စာသွားစာလာနဲ့ ပြောနေတာပေါ့နော်၊ ကျနော်တို့ လုံးဝပြောလို့ဆိုလို့ မရဘူး၊ အဲဒါမှသာလျှင် ဒါက အခြေခံ ဥပဒေမှာ ပါတဲ့ကိစ္စ ဖြစ်တဲ့အတွက်ကြောင့် မှား၏ မှန်၏ဆိုတာကို အဖြေထွက်မယ်လေ"

အစိုးရက ဆောင်ရွက်မယ့် စီမံကိန်းတွေကို လွှတ်တော်တင်ပြဖို့ လိုမလို ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံး အဆုံးအဖြတ် ရယူတဲ့အခါ ခုံရုံး အဆုံးအဖြတ်အတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောပါတယ်။

တနင်္သာရီတိုင်း အစိုးရ အနေနဲ့က လမ်း၊ တံတား တည်ဆောက်ရေး စတဲ့ အစိုးရ ဘတ်ဂျတ်နဲ့ ဆောင်ရွက်တဲ့ စီမံကိန်းတွေကိုသာ လွှတ်တော်ကို တင်ပြဆောင်ရွက်ပြီး ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံတဲ့ စီးပွားရေးဆိုင်ရာ စီမံကိန်းတွေ ကိုတော့ လွှတ်တော်ကို မတင်ပြဘဲ ဆောင်ရွက်နေတယ်လို့ ဦးဖြိုးဝင်းထွန်းက ဆိုပါတယ်။

ငွေကျပ် ၅ သန်းအောက် ရင်းနှီးမြှုပ်နှံတဲ့ စီမံကိန်းတွေဆိုရင် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ပြ ဆောင်ရွက်ပြီး ကျပ် ၅ သန်းအထက် စီမံကိန်းတွေဆိုရင် ပြည်ထောင်စုအဆင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ပြဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။  ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၅၁ အရ အစိုးရ ဘတ်ဂျက်နဲ့ ဆောင်ရွက်မယ့် စီမံကိန်းတွေကိုသာ လွှတ်တော်ထံ တင်ပြရမယ်လို့ နားလည်ထားကြောင်း ဦးဖြိုးဝင်းထွန်းက ပြောပါတယ်။

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌကတော့  တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံကိန်းတချို့ကို လွှတ်တော်ကို တင်ပြခြင်း မရှိဘဲ ဆောင်ရွက်နေတဲ့အတွက် လွှတ်တော်ကို တင်ပြဖို့ လွှတ်တော် အစည်းအဝေးကနေ နှစ်ကြိမ်တိုင် သတိပေး ပြောဆိုထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။