စစ်ကောင်စီရဲ့ အွန်လိုင်းအကြမ်းဖက်လှုပ်ရှားမှု ပိတ်ပင်ဖို့ ကုလအထူးကိုယ်စားလှယ်တွေပြော

RFA Burmese
2023.03.13
စစ်ကောင်စီရဲ့ အွန်လိုင်းအကြမ်းဖက်လှုပ်ရှားမှု ပိတ်ပင်ဖို့ ကုလအထူးကိုယ်စားလှယ်တွေပြော ရန်ကုန်မြို့က လူမှုကွန်ရက်မီဒီယာ အသုံးပြုနေသူတစ်ဦးအား၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။
Reuters

မြန်မာစစ်ကောင်စီဟာ ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေကို ချေမှုန်းဖို့အတွက် အွန်လိုင်းကတစ်ဆင့် အကြမ်းဖက်ခြိမ်းခြောက်တဲ့ လှုပ်ရှားမှုကို ဖော်ဆောင်ပြီး လူမှုမီဒီယာကို လက်နက်သဖွယ်အသုံးချနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တွေက မတ်လ ၁၃ ရက်နေ့က သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews၊ အမျိုးသမီးနဲ့ မိန်းကလေးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးကိုယ်စားလှယ်တို့ အပါအဝင် ကုလအထူးအရာရှိတွေက ထုတ်ပြန်လိုက်တာပါ။

ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို အနှောင့်အယှက်ပေးဖို့၊ အကြမ်းဖက်အောင် လှုံ့ဆော်ဖို့အတွက် စစ်တပ် လိုလားသူက ဆိုရှယ်မီဒီယာကို အသုံးချနေကြတယ်လို့ ပြောပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေဟာ ပစ်မှတ်ဖြစ်လာပြီး အကြီးအကျယ် အန္တရာယ်ပြုခံနေရတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီကို လိုလားသူတွေဟာ နိုင်ငံရေးလှုပ်ရှားတဲ့ အမျိုးသမီးတွေ၊ လူ့အခွင့်အရေး ကာကွယ်သူတွေကို သိက္ခာချဖို့အတွက် အမုန်းစကားတွေ၊ လိင်ပိုင်းဆိုင်ရာ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုချက်တွေကို အွန်လိုင်းမှာ ရေးသားနေကြတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ အခုလို ရိုင်းစိုင်းကြမ်းတမ်းမှုတွေကြောင့် အမျိုးသမီးတွေအဖို့ အွန်လိုင်းလှုပ်ရှားမှုတွေကို လျှော့ချပြီး လူမှုဆက်ဆံရေးကနေ နောက်ပြန်ဆုတ်ကြရတယ်လို့ ဆိုပါတယ်။

လူမှုဆက်ဆံရေးမီဒီယာ ပလက်ဖောင်းတွေထဲမှာ အထူးသဖြင့် Telegram ဟာ စစ်တပ်လိုလားသူတွေ လှုပ်ရှားတဲ့နယ်ပယ် ဖြစ်လာပြီလို့လည်း သတိပေးထားပါတယ်။

မကြာသေးခင်က စစ်တပ်လိုလားသူ အကောင့် ၁၃ ခုကို Telegram က ပိတ်ပင်လိုက်တဲ့အပေါ် ကြိုဆိုပေမယ့် အဲဒီအထဲက အကောင့်တစ်ခုကို အွန်လိုင်းမှာ ပြန်ပြီးတွေ့နေရကြောင်း၊ Telegram အနေနဲ့ မြန်မာနိုင်ငံက အကောင့်တွေအပေါ် စနစ်တကျထိန်းချုပ်နိုင်ဖို့ လိုအပ်တယ်လို့လည်း တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။