NLD အစိုးရ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း ပြန်လွတ်လာ

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2023.04.17
NLD အစိုးရ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း ပြန်လွတ်လာ NLD အစိုးရလက်ထက် စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း။
RFA

NLD အစိုးရလက်ထက် စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း ဒီကနေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ရမည်းသင်းထောင်ကနေ ပြန်လွတ်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ရဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က RFA ကိုပြောပါတယ်။

မြန်မာ နှစ်ဆန်းတစ်ရက် ဒီကနေ့ စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တဲ့သူတွေထဲ ဦးကျော်ဝင်းတစ်ယောက်ပဲ နိုင်ငံရေးအကျဉ်းသားပါဝင်ပြီး ကျန်တဲ့သူတွေကတော့ ရာဇဝတ်မှုနဲ့ ထောင်ကျနေသူတွေဖြစ်တယ်လို့ သူကပြောပါတယ်။

"သူက အသက် ၇၅ နှစ် အထက်လည်းဖြစ်တယ်။ ကျခံရတဲ့နှစ်က သုံးနှစ်၊ အဲဒီမှာ ဖမ်းခံရတာက နှစ်နှစ်ကျော်သွားပြီဆိုတော့ သူက လွတ်နည်းဗျာ့၊ အဲဒါကြောင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ လွှတ်ပေးလိုက်တယ်လို့ သုံးသပ်လို့ရတယ်။ ကျွန်တော်တို့ အခုထိလွတ်လာတဲ့ ၃ဝဝဝ ကျော်ထဲမှာ၊ နိုင်ငံရေးအကျဉ်းသား ဦးကျော်ဝင်းတစ်ယောက်ပဲ ပါသေးတယ်"

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် သုံးရက်ကြာ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ဝန်ကြီးဟောင်း ဦးကျော်ဝင်းကို နေပြည်တော်က နေအိမ်မှာ လာဖမ်းသွားတာ ဖြစ်ပါတယ်။

အဲဒီနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရ စီးပွားရေးအကြံပေး ပါမောက္ခ ရှောင်တာနဲလ်၊ ‌NLD အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင် တို့နဲ့အတူ အမှုတွဲလုပ်ပြီး နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေပုဒ်မ (၃၁/ဂ)နဲ့ ထောင်သုံးနှစ် ချခံခဲ့ရပါတယ်။

ဦးကျော်ဝင်းနဲ့ အမှုတွဲဖြစ်တဲ့ ပါမောက္ခရှောင်တားနဲလ်နဲ့ ဝန်ကြီးဦးစိုးဝင်းကိုလည်း စစ်ကောင်စီက လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ထောင်ဒဏ် ၃၃ နှစ်ချ ဖမ်းဆီးခံထားရဆဲဖြစ်သလို၊ ဒုဝန်ကြီး ဦးဆက်အောင်လည်း လွတ်မြောက်လာခြင်း မရှိသေးပါဘူး။

ဒီနေ့စစ်ကောင်စီက လွှတ်ပေးလိုက်တဲ့ အကျဉ်းသား ၃ဝဝဝ ကျော်ထဲမှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ပဲပါပြီး ကျန်တဲ့သူတွေဟာ စစ်ပြေး၊ ရဲပြေး၊ မူးယစ်ဆေးဝါး၊ ခိုးဆိုးလုယက်မှုတွေနဲ့ ထောင်ကျနေသူတွေဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ‌ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။