နိုင်ငံရေးအကျဉ်းသားများ ဇူလိုင်လဆန်းအတွင်း ပြန်လွတ်ဖွယ်ရှိ

မြန်မာအစိုးရဟာ နောက်လဆန်းထဲမှာ နိုင်ငံရေး အကျဉ်းသား အများအပြား ထပ်ပြီးလွှတ်ပေးဖို့ စီစဉ်နေကြောင်း အစိုးရဝန်ကြီး တစ်ဦးက မနေ့က ပြောလိုက်ပါတယ်။

2012.06.18

နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး ညီလာခံ ပြင်ပမှာ စက်မှုဝန်ကြီး ဦးစိုးသိန်းက အေအက်ဖ်ပီ သတင်းဌာနကို ပြောဆိုခဲ့တာပါ။

သမ္မတ ဦးသိန်းစိန်ဟာလည်း ဒေါ်အောင်ဆန်းစုကြည်နည်းတူ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် နှစ်မြှုပ်ဆောင်ရွက်နေသူဖြစ်ကြောင်း၊ ဆောင်ရွက်ပုံ နည်းဗျူဟာကွဲပေမဲ့ မဟာဗျူဟာဖြစ်တဲ့ ဦးတည်ချက်ချင်း တူညီကြပါကြောင်း၊ တစ်လှေတည်းစီး၊ တစ်ခရီးတည်း သွားနေကြတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်လ်ဆု မိန့်ခွန်းမှာ ပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကိစ္စ မေးမြန်းရာမှာ - မိမိကတော့ ဆုံးဖြတ်သူမဟုတ်ပါဘူး။ ဒါပေမဲ့ ဇူလိုင်လကို စောင့်ကြည့် ပါ၊ ပြန်လွတ်နိုင်ပါတယ်။ အခုဆိုရင် အစိုးရဟာ သူတို့အမှုတွဲတွေကို အကြမ်းဖက်မှု၊ ရာဇဝတ်မှုတွေနဲ့ ငြိစွန်းမှုရှိမရှိ စိစစ်နေပါတယ်။ ကျန်တဲ့သူတွေ ပြန်လွှတ်ပေးဖို့ မိမိတို့မှာ စိတ်ကူးရှိပါတယ်၊ စိတ်ကူး ဖြစ်ပါတယ်၊ အမိန့်မဟုတ်ပါဘူး။ ဒီလုပ်ငန်းစဉ်ကို ဆောင်ရွက်နေပါတယ် လို့ အေအက်ဖ်ပီ သတင်းကို ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်မှာ သူရဲကောင်းတစ်ဦးကို ကြိုဆိုသလို အုတ်အော်သောင်းတင်း ကြိုဆိုကြတဲ့အပေါ် ဂုဏ်ယူမိကြောင်း၊ ဥရောပမှာ မြန်မာအမျိုးသမီးတစ်ယောက် အခုလို ကြိုဆိုခံရတဲ့အတွက် မုဒိတာပွားမိပါကြောင်းလည်း စက်မှုဝန်ကြီး ဦးစိုးသိန်းက ပြောဆိုပါတယ်။

စီးပွားရေးကိစ္စနဲ့ပတ်သက်ပြီးတော့လည်း အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရပ်တည်ချက်ချင်း မကွဲပြားကြောင်း၊ စီးပွားရေးပိတ်ဆို့မှုတွေ ပြန်ရုပ်အပြီး ဝင်ရောက်လာမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုတွေဟာ ကျင့်ဝတ်နဲ့အညီ ဖြစ်ရမယ့်အပြင်၊ ပွင့်လင်းမြင်သာမှု ရှိရမယ် ဆိုတာကို သဘောတူညီကြောင်း ပြောဆိုပြီး၊ ရင်းနှီးမြှုပ်နှံမှုတွေ အလုအယက်ဝင်လာတာ ကောင်းပါတယ်။ ဒါပေမဲ့ ရွှေရှာသလို မျိုး ပြုံပြီးဝင်လာတာမျိုးတော့ မဖြစ်စေချင်ဘူးပေါ့ လို့ စက်မှုဝန်ကြီး ဦးစိုးသိန်းက အေအက်ပီသတင်း ကို ပြောဆိုခဲ့ပါတယ်။

အဲဒီ ညီလာခံမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။