ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းနှစ်ခုကို စစ်ကောင်စီ ထပ်မံပိတ်သိမ်း

2022.09.21
ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းနှစ်ခုကို စစ်ကောင်စီ ထပ်မံပိတ်သိမ်း ရန်ကုန်မြို့ ၃၇ လမ်း အောက်ဘလောက်မှ စာအုပ်ဆိုင်များအား ၂၀၂၁ ဖေဖော်ဝါရီလ ၆ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းနှစ်ခုကို စက်တင်ဘာလ ၁၉ ရက်မှာ ရုပ်သိမ်းခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၁ ရက် ဒီကနေ့ သတင်း ထုတ်ပြန်ပါတယ်။

ဦးစိုးသိန်း (သံလွင်ပုံနှိပ်တိုက်) ရဲ့ ပုံနှိပ်ခြင်းလုပ်ငန်းနဲ့ ဦးလှသိန်း (ဉာဏ်ပညာအလင်း စာပေ) ရဲ့ ထုတ်ဝေခြင်းလုပ်ငန်းတွေကို ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ ပုဒ်မ ၈ ပုဒ်မခွဲ(က)ပါ တိုင်းရင်းသားလူမျိုးအချင်းချင်း၊ နိုင်ငံသားအချင်းချင်း လူမျိုးရေးအရ ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ ထိခိုက်နစ်နာစေတဲ့ အကြောင်းအရာတွေ ကို ပုံနှိပ်ထုတ်ဝေခဲ့တဲ့အတွက် အခုလို ပိတ်သိမ်းတာလို့ စစ်ကောင်စီပြန်ကြားရေးဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုပိတ်သိမ်းခံရတဲ့ ပုံနှိပ်လုပ်ငန်းနဲ့ ထုတ်ဝေရေးလုပ်ငန်းတွေအနေနဲ့ မီဒီယာအမျိုးအစား တစ်ခုခုကို အသုံးပြုပြီး ဒါမှမဟုတ် နည်းပညာတစ်ခုခုကိုအသုံးပြုပြီး ပုံနှိပ်ထုတ်ဝေတာတွေ မလုပ်ဖို့လည်း သတိပေးထားပါတယ်။

ဒီပုံနှိပ်တိုက်နဲ့ စာပေတိုက်တွေဟာ “မှားယွင်းသော ဗုဒ္ဓဘာသာကို ဖြေရှင်းခြင်း လောက စာတမ်း (အတွဲ ၆)” ဆိုတဲ့ စာအုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့တာလို့ စစ်ကောင်စီပြန်ကြားရေး ဝန်ကြီးဌာန သတင်းအရင်းအမြစ်တချို့က ပြောပါတယ်။

စာအုပ်မှာပါတဲ့အကြောင်းအရာတွေကြောင့် အခုလိုအရေးယူခံရတာလို့ သူတို့က ပြောပါ တယ်။

ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်နဲ့ စာပေအသိုက်အဝန်းက သတင်းရင်းမြစ်ပေါ် အခြေခံပြီး RFA က သီးသန့်ပြုစုထားတဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းထားတဲ့ ၁၉ လ အတွင်း သတင်းဌာန ၁၂ ခု၊ စာပေတိုက် ငါးခု နဲ့ ပုံနှိပ်တိုက် သုံးခု ပိတ်သိမ်းခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။