ဖားကန့်မှာ စားနပ်ရိက္ခာနဲ့ စက်သုံးဆီဈေး နှစ်ဆခန့်တက်
2023.02.23
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ကုန်စည်သယ်ယူမှုမှာ အဓိကကျတဲ့ ကာမိုင်း၊ ဝေလုံ၊ နမ့်ယားလမ်းတွေမှာ စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်တွေဖွင့်ပြီး ဆန်နဲ့ စက်သုံးဆီကားတွေကို ဖေဖော်ဝါရီ ၄ ရက်နေ့က စလို့ ဖြတ်သန်းခွင့် မပြုတာကြောင့် ဒေသတွင်းမှာ နှစ်ဆနီးပါး ဈေးမြင့်တက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို ကုန်ကားတွေကို ဟန့်တားထားတဲ့အတွက် ဆန်စျေးတွေ နှစ်ဆလောက်တက်သွား တာလို့ အခုလို ဖားကန့်မြို့က ဆန်ရောင်းဝယ်ရေးလုပ်ကိုင်နေတဲ့ အမည်မဖော်လိုတဲ့ ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။
"ဈေးကွက်ကတော့ နှစ်ဆ တက်သွားတာ မှန်ပါတယ်။ တချို့ကျတော့လည်း ဘာများ ဖြစ်တော့မလဲ ဆိုပြီး ဆန်တွေ စုကြတာပေါ့။ ကျနော့် ဆန်ကားဆိုရင် နမ့်ယားဂိတ်မှာ ပိတ်မိနေတာ ၁၈ ရက် ရှိနေပြီ။ နောက်ပြန် ခေါက်ခိုင်းရမလိုပဲ ဖြစ်နေပြီ။ ဖားကန့်က အခုလိုပုံစံဆိုရင် ရေရှည်နေဖို့ အဆင်မပြေတော့ဘူး"
အရင်က စက်သုံးဆီ တစ်လီတာကို ကျပ် ကိုးထောင်နီးပါးသာ ရှိခဲ့ပေမယ့် အခုအခါ ကျပ်နှစ်သောင်းတစ်ထောင်နဲ့ ပေးဝယ်နေရပြီး ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်ကို အရင်က ငွေကျပ် ရှစ်သောင်းလေးထောင် ကနေ အခုတော့ ကျပ် တစ်သိန်းခုနစ်သောင်းအထိ ဈေးနှုန်းမြင့်တက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့ပေါ်က ဆန်ဆိုင်နဲ့ စက်သုံးဆီဆိုင်တွေ အကုန်နီးပါး ပိတ်ထားရပြီး၊ ရပ်ကွက်ထဲက ဈေးဆိုင်တွေမှာလည်း လိုသလောက် ဝယ်ယူလို့မရဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က ဖားကန့်မြို့ကို အခုလို ပိတ်ဆို့မှုတွေ လုပ်နေတာ ဖြတ်လေးဖြတ် လုပ်နေတာလို့ ယူဆကြောင်း အမည်မဖော်လိုတဲ့ လုံးခင်းရွာက ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဖားကန့်မှာ KIA ရှိတာ အခုမှ မဟုတ်ဘူးလေ။ အခုမှ ဟိုအကြောင်းပြ ဒီအကြောင်းပြ ပြီး ပိတ်နေတာ အဓိပ္ပာယ်မရှိဘူး။ အခုဆို ဓာတ်ဆီတွေ ဝယ်မရ၊ ရတဲ့ ဓာတ်ဆီကျ ဈေးက မတန်တဆ ပေးရတော့ ဆိုင်ကယ်တစ်စီးကို လူခြောက်ဦးလောက်အထိ ရေမဆေးသမားတွေ စီးနေကြရတယ်။ ဓာတ်ဆီအကုန် သက်သာအောင် ပေါင်းစီးနေ တာပေါ့”
ဖားကန့်မြို့ပေါ်က စစ်ကောင်စီ တပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ PDF တွေက ပူးပေါင်းတိုက်ခိုက်တာတွေ ခပ်စိပ်စိပ် ပြုလုပ်လာပြီးနောက်ပိုင်း အခုလို ဆန်နဲ့ စက်သုံးဆီ ဖြတ်တောက်မှုတွေ ဖြစ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
အခုလို စစ်တပ်လုံခြုံရေးဂိတ်တွေကနေ ကုန်ကားတွေကို ဖြတ်သန်းခွင့်မပြုတာနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူထံ RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြား ခြင်းမရှိပါဘူး။
ဖားကန့်မြို့နယ်မှာ နိုင်ငံတစ်ဝန်းက လာရောက်တဲ့ ရွှေ့ပြောင်းအလုပ်သမားနဲ့ ဒေသခံ ငါးသိန်းဝန်းကျင် နေထိုင်ပါတယ်။